နှစ်ဖက် တပ်ဖွဲ့များထံ အကြောင်းကြား၍ မင်းတပ်-မတူပီလမ်းကို သွားလာနိုင်ဟု ဒေသခံများပြော

နှစ်ဖက် တပ်ဖွဲ့များထံ အကြောင်းကြား၍ မင်းတပ်-မတူပီလမ်းကို သွားလာနိုင်ဟု ဒေသခံများပြော

နိုဝင်ဘာ ၂၉

ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခြောက်လကျော် ခရီးအသွားအလာ မရှိသည့် မင်းတပ်-မတူပီ ကားလမ်းမကို ယခုချိန်တွင် နှစ်ဖက် တပ်ဖွဲ့များထံ အကြောင်းကြား၍ သွားလာနိုင်သည်ဟု ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

‘’အခုတော့ နှစ်ဖက် အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားလာရင် အန္တရာယ်မရှိဘူး။ ကျွန်တော်တို့လည်း ဈေးတင် မရောင်းချင်ဘူး။ ဒါပေမဲ့ ခရီးက နှစ်ဆ ဖြစ်သွားတယ်။ ဆီကုန်တာလည်း နှစ်ဆနီးပါး ကုန်တော့ ဈေးတွေ တက်သွားတယ်။ အခု ဒီလမ်းကြောင်း အဆင်ပြေရင် မတူပီအတွက် ကုန်ဈေးနှုန်းတွေလည်း ပုံမှန် ပြန်ဖြစ်သွားမှာပါ'' ဟု အဆိုပါ ကုန်သည်က ပြောသည်။

မင်းတပ်-မတူပီ ကားလမ်း ခြောက်လကျော်ကြာ ပိတ်ထားသည့်အတွက် မတူပီမြို့သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ပခုက္ကူ-ဂန့်ဂေါ-ရေဇွာဘက်ခြမ်း လမ်းကို အသုံးပြု နေရခြင်းကြောင့် မိုင် ၂၀၀ ကျော် ပိုဝေးပြီး ကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

မတူပီ- မင်းတပ် လမ်းကိုအသုံးပြုမည်ဆိုပါက ခရီးသည်တင် ကားနှင့် ကုန်ကားများ အနေဖြင့် မတူပီအခြေစိုက် စစ်ကောင်စီ ဗျူဟာတွင် စာရင်းပေးသွင်းရပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ထံ အကြောင်းကြား၍ သွာလာနိုင်သည်ဟု ဆိုသည်။

''ပြီးခဲ့တဲ့ အပတ်က ပခုက္ကူကနေ မတူပီ နာရေးကူညီမှုအသင်း ကားတစ်စီး လူနာတင်ပြီး မတူပီကို ဒီလမ်းကို အသုံးပြုပြီ ပြန်ရောက် လာကြတယ်။ ဒီနေ့ မနက်လည်း မတူပီကနေ ကားခြောက်စီး ဆင်းသွားကြတယ်'' ဟုလည်း မတူပီ မြို့ပေါ် ဒေသခံတစ်ဦးက ပြောသည်။

မတူပီ- မင်းတပ်လမ်းသည် ၁၀၄ မိုင်သာ ကွာဝေးပြီး ပခုက္ကူ-ဂန့်ဂေါ-ရေဇွာဘက်ခြမ်း လမ်းထက် ခရီးမိုင် ၂၀၀ ကျော် သက်သာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly