အာဖဂန်ကလေးငယ် ၁ သန်းကျော် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနိုင်သည့် အန္တရာယ်ရှိ

By Latestly
29 November 2021
အာဖဂန်ကလေးငယ် ၁ သန်းကျော် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနိုင်သည့် အန္တရာယ်ရှိ

အာဖဂန်နစ္စတန်နိုင်ငံတွင် ကလေးငယ် သုံးသန်းကျော်သည် အာဟာရ ချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အကယ်၍ ၎င်းတို့၏ အခြေအနေအတွက် စဥ်းစားဆောင်ရွက်ပေးခြင်း မရှိပါက ကလေးငယ် တစ်သန်းကျော်သည် အသက်သေဆုံးနိုင်သည့် အန္တရာယ်နှင့် ကြုံရလိမ့်မည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ယင်း၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် သတိပေးပြောဆိုထားသည်။

"ဒီနေ့မှာ ကမ္ဘာ့ကလေးများနေ့ဖြစ်ပါတယ်၊ ဒါပေမယ့် ယူနီဆက်ဖ် အာဖဂန်နစ္စတန်ကတော့ ဒီအခမ်းအနား မကျင်းပဖြစ်ပါဘူး၊ ခုချိန်မှာ အာဖဂန်နစ္စတန်မှာ ကလေးတစ်ဦး ဖြစ်ရတာ အင်မတန် ခက်ခဲကြမ်းတမ်းလှပါတယ်၊ ၁၄ သန်းလောက်ဟာ ဆာလောင်ငတ်မွတ်နေကြတယ်၊ သုံးသန်းကျော်ဟာ အာဟာရ ချို့တဲ့နေရပါတယ်၊ တစ်သန်းလောက်ကတော့ ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အာဟာရ ချို့တဲ့မှုကြောင့် အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ် ရှိနေပါတယ်" ဟု ဆက်သွယ်ရေး၊

ကူညီထောက်ပံ့မှုနှင့် အများပြည်သူ ချိတ်ဆက်ဆောင်ရွက်မှု အကြီးအကဲ ဆမ် မော့တ်က ပြောကြောင်း Tolo News က ဖော်ပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်သည် နိုင်ငံတကာ ကလေးများနေ့ဖြစ်ပြီး အစိုးရတချို့နှင့် အဖွဲ့အစည်းတချို့က ယင်းနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြသည်။ သို့သော် ယခုနှစ်တွင် ယူနီဆက်ဖ် အာဖဂန်နစ္စတန်က အာဖဂန်နစ္စတန်တွင် ယင်းနေ့အခမ်းအနား ကျင်းပမည်မဟုတ်ဟု ပြောခဲ့သည်။

အာဖဂန် မီဒီယာများ၏ ဖော်ပြချက်အရ အာဖဂန်ကလေးငယ် ထောင်ပေါင်းများစွာတို့သည် အန္တရာယ်များသော အလုပ်များတွင် မဖြစ်မနေ ဝင်ရောက်လုပ်ကိုင်နေကြရသည်ဟု သိရသည်။

အသက် ၉ နှစ်အရွယ် ဆိုနီယာသည် ကဘူးလ်မြို့ လမ်းများတွင် ဖိနပ်တိုက်သူတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ "ကျွန်တော်တို့အတွက် ဘယ်သူကမှ ပိုက်ဆံလာပေးမယ့်သူ မရှိပါဘူး၊ ဆွေမျိုးတွေကလည်း ကျွန်တော်တို့ကို အကူအညီ မပေးနိုင်ကြပါဘူး၊ ကျွန်တော်ကတော့ မိသားစုမှာ အလုပ်လုပ်ရတဲ့ တစ်ဦးသောသူ ဖြစ်ပါတယ်" ဟု ဆိုနီယာ၏ ပြောဆိုမှုကို Tolo News က ကိုးကား ဖော်ပြသည်။

အလားတူ အသက် ၁၀ နှစ်ရှိ အဗ္ဗဒူလ် ရာမန်သည် အာဖဂန်နစ္စတန်ရှိ နှစ် ၂၀ ကြာ ပဋိပက္ခအတွင်း ၎င်း၏ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် မိသားစုဝင် ခုနစ်ဦးရှိသည့် မိသားစုအတွက် ပိုက်ဆံရှာပေးရသူဖြစ်သည်။

"ကျွန်တော့် အဖေက နိုင်ငံအတွက် အသက်စွန့်သွားခဲ့ရပါတယ်၊ ကျွန်တော့် ညီလေးတွေက အလုပ်မလုပ်သေးပါဘူး၊ ဒီတော့ ကျွန်တော်တစ်ဦးတည်း အလုပ်လုပ်ရပါတယ်" ဟု ရာမန်က ပြောကြောင်း Tolo News က ကိုးကား ဖော်ပြသည်။

အာဖဂန်နစ္စတန်အတွက် အရေးတကြီး အကူအညီများ မပေးဘူးဆိုပါက အခြေအနေသည် ခုခံနိုင်စွမ်းနည်းပါးသော (အားနည်းချက်ရှိသော) ကလေးများအတွက် သာ၍ ဆိုးလာလိမ့်မည်ဟု အရပ်ဘက်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက သတိပေးထားကြောင်း အာဖဂန်မီဒီယာက ဖော်ပြသည်။

"ကံမကောင်းတာက အာဖဂန်ကလေးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံထားရပါတယ်" ဟု အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဇာခ် ယက်ဖ်တာလီက ပြောခဲ့သည်။

ယူနီဆက်ဖ်သည် လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများတွင် အာဖဂန်ကလေးများ၏ အခွင့်အရေးများနှင့် ကောင်းကျိုးရရှိနိုင်ရေးအတွက် လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly