သြစတြေးလျ၏ Future Fund က မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်နေ

သြစတြေးလျ၏ Future Fund က မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်နေ

နိုဝင်ဘာ ၂၉

သြစတြေးလျ၏ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်သည့် Future Fund (အနာဂတ်ရန်ပုံငွေ) သည် မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် လက်နက်ထုတ်လုပ်သူလုပ်ငန်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီတချို့တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေပြီး ယင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝေဖန်ပြစ်တင်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့များ၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် အရပ်သားပြည်သူ ၁,၀၀၀ ကျော် သေဆုံးထားခဲ့ကြသည်။ တချိန်တည်းမှာပင် ရိုဟင်ဂျာ လူနည်းစု အစုအဖွဲ့အပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားခြင်း ရှိမရှိ နိုင်ငံတကာရာဇဝတ်ခုံရုံးကလည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။

သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေများအောက်တွင် တက်ကြွလှုပ်ရှားသူများ ရရှိထားသည့် စာရွက်စာတမ်းများအရ Future Fund သည် မြန်မာစစ်တပ်နှင့် ဆက်နွယ်ပတ်သက်မှုရှိသည့် ကုမ္ပဏီ ၁၄ ခု တွင် ဒေါ်လာ ၁၅၈ သန်းအောက် တန်ဖိုးရှိ ရှယ်ယာများ ပိုင်ဆိုင်ထားသည်ကို ပြသနေသည်။ ယင်းတို့ထဲတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ တိုက်လေယာဉ်များနှင့် အခြားလက်နက်များ ရောင်းချထားသည့် လက်နက်ထုတ်လုပ်သူလုပ်ငန်းတစ်ခုလည်း ပါဝင်သည်။

Future Fund သည် မြန်မာပြည်သူများကို ထိခိုက်နစ်နာမှုဖြစ်စေရင်းနှင့် အကျိုးအမြတ်ရရှိထားခဲ့သည့် ကုမ္ပဏီများကို ထောက်ပံ့နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ဒီလို ထောက်ပံ့မှုကို ရပ်ဆိုင်းဖို့ သြစတြေးလျ အစိုးရနဲ့ Future Fund ကို ကျွန်တော်တို့ ပန်ကြားလိုပါတယ်၊ စစ်တပ်က ပြည်သူတွေအပေါ် ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေချိန်မှာ သူတို့က မြန်မာစစ်တပ်ကို ဆက်လက်ရပ်တည်နိုင်အောင် ကူညီနေသလိုဖြစ်နေပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရသည့် သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် ကိစ္စသည်လည်း Future Fund အတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထောက်ပံ့ကူညီနေသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ဆောင်တော့ရန် အရေးတကြီး လိုအပ်နေမှုကို မီးမောင်းထိုးပြသနေသည်ဟု ၎င်းက ပြောသည်။
သတင်းအချက်အလက် လွတ်လပ်ခွင့် (FOI) စာရွက်စာတမ်းများအရ Future Fund သည် တရုတ် လေယာဉ်ထုတ်လုပ်မှု လုပ်ငန်းကော်ပိုရေးရှင်း (AVIC) ၏ လုပ်ငန်းခွဲများတွင် ဒေါ်လာ ၅ သန်းခန့် ရင်းနှီးမြှုပ်နှံထားပြီး AVIC သည် မြန်မာအာဏာသိမ်းစစ်တပ်ထံ တာတိုပစ် ဒုံးများ၊ တာဝေးပစ် ဒုံးများနှင့် တိုက်ခိုက်ရေး လေယာဉ်များ ရောင်းချပေးထားသည်ဟု သုတေသီများက ပြောသည်။

ထို့ပြင် မြန်မာစစ်တပ်ထံ ဆိုနာ၊ ရေဒါ၊ အခြား ထောက်လှမ်းရေး စနစ်များ ရောင်းချထားသည့် အိန္ဒိယ ကာကွယ်ရေးကုမ္ပဏီ Bharat Electronics တွင် သြစတြေးလျ၏ Future Fund က ဒေါ်လာ ၁၈ သန်းနီးပါး ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို လက်နက်များ ရောင်းချထောက်ပံ့ခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများကနေတဆင့် စစ်အုပ်စုကို ထောက်ကူပေးနေသည့် နိုင်ငံတကာ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စစ်အုပ်စုကို ငွေကြေးနှင့် တရားဝင်ဖြစ်မှု မရရှိစေရေးအတွက် ပြည်တွင်းကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေလျက် ရှိကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

"နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ တားဆီးဖြတ်တောက်နိုင်မယ်ဆိုရင် စစ်တပ် ဆက်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း နိုင်ငံတကာလုပ်ငန်းတွေကို စစ်တပ်နဲ့ ပတ်သက်မှုတွေ ရပ်တန့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ ကျွန်တော်တို့ ပန်ကြားနေရခြင်း ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Future Fund ၏ ရင်းနှီးမြှုပ်နှံမှုများသည် မနှစ်မြို့ဖွယ်ရာဖြစ်နေကြောင်း Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ပြောခဲ့ပြီး Future Fund သည် မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ရောင်းချပေးနေသည့် ကုမ္ပဏီများ၊ စစ်တပ်၏ အကြမ်းဖက်မှု ကမ်ပိန်းကို ထိထိရောက်ရောက်ငွေကြေးထောက်ပံ့ပေးနေသည့် ကုမ္ပဏီများထံမှ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

"မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ ထောက်ပံ့ပေးနေပြီး စစ်ရာဇဝတ်သားတွေအတွက် နှစ်စဉ် အခွန်ငွေ သန်းချီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေမှာ သြစတြေးလျရဲ့ 'အနာဂတ်' ဆိုတဲ့ နာမည်နဲ့ အခွန်ထမ်းတွေရဲ့ ရန်ပုံငွေတွေကို ရင်းနှီးမြှုပ်နှံနေပါတယ်" ဟု ၎င်းတို့က ပြောခဲ့သည်။

သြစတြေးလျ Future Fund ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းသည် ရှယ်ယာ အနည်းစုသာ ဝယ်ယူသည့် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော ရင်းနှီးမြှုပ်နှံမှု အစုစုကို တည်ဆောက်ထားသည်ဟု ပြောသည်။

"ဒီရန်ပုံငွေအနေနဲ့ သြစတြေးလျ အစိုးရ ပါဝင်လက်မှတ်ထိုးထားတဲ့ စာချုပ်တွေ၊ သြစတြေးလျ ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ၊ ဥပဒေပြဋ္ဌာန်းမှု၊ ရည်မှန်းချက်တွေကို ထည့်သွင်းစဉ်းစားထားတဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုဆိုင်ရာနဲ့ စီမံအုပ်ချုပ်ဆိုင်ရာ ကိစ္စရပ်တွေ၊ ချန်လှပ်ထားမှုတွေနဲ့ပတ်သက်လို့ အခိုင်အမာ ထူထောင်ထားတဲ့ မူဝါဒတစ်ရပ်လည်း ရှိပါတယ်" ဟု ၎င်းက ပြောသည်။

သြစတြေးလျ ဖက်ဒရယ် အစိုးရသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ထပ်တလဲလဲ ဝေဖန်ထားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေးအတွက် တောင်းဆိုထားခဲ့သော်လည်း စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရေး တောင်းဆိုချက်များကို ငြင်းဆန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required