မိုးမောက်တွင် စစ်ကောင်စီနှင့် ကေအိုင်အေအကြား တိုက်ပွဲ ပြင်းထန်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
29 November 2021
မိုးမောက်တွင် စစ်ကောင်စီနှင့် ကေအိုင်အေအကြား တိုက်ပွဲ ပြင်းထန်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား နိုဝင် ဘာလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းမှ စတင်၍ ညနေပိုင်းအချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည် ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့၊ ကြံခင်းကျေးရွာအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၂ နာရီအချိန်ခန့်မှ ညနေ ၅ နာရီကျော်အချိန်ခန့်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မိုးမောက်မြို့ ဒေသခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ဒီညနေ တစ်နာရီခွဲ နှစ်နာရီလောက်ကနေ စပြီး လေးနာရီ လောက်အထိ ကြားရတယ်။ သူတို့ နားပြီးပြန်ပစ် နေတာဘဲ။ သေနတ်သံရော လက်နက်ကြီးသံရောဘဲ။ လမ်းပေါ် မှာလို့တော့ ပြောကြတယ်။ ကျမတို့က လမ်းမကြီးနဲ့ဝေးတော့ အတိအကျတော့ ပြောဖို့ခက်တယ်" ဟု ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်းဖြစ်သည့် မိုးမောက်အခြေစိုက် ခြေမြန်တပ်ရင်း (ခ.မ.ရ)-၄၃၇ တပ်ရှိရာ အနီးတဝိုက်တွင် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်အခြေစိုက် ခမရ-၄၃၇ တပ်သည် ကြံခင်းကျေးရွာအနီးတွင် ရှိသည်ဟု သိရသည်။

အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားနေချိန် မိုးမောက်မြို့ပေါ်ရှိ စျေးရှေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင် အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး သေနတ်များ ပစ်ဖောက်ကာ ဒေသခံ ၃၀ ကျော်ခန့်ကိုလည်း ဖမ်းဆီး ခေါ် ဆောင်သွားသည်ဟု ပြောသည်။

စျေးအနီးက ဒေသခံတစ်ဦး “မြို့ပေါ်မှာကို သေနတ်တွေနဲ့ ဆက်တိုက်ပစ်တာ။ စစ်သားကလည်း အများကြီးပဲ။ ၁၀၀ လောက်ရှိမလားပဲ။ အနည်းဆုံး ၆၀၊ ၇၀ လောက်တော့ရှိတယ်။ သူတို့ ဝင်လာတဲ့ တခါတည်း ပစ်ပြီးမှ ဝင်လာတာ။ မြို့ပေါ်လမ်းမကြီးမှာကို သေနတ်နဲ့ ပစ်ကြတာနော်။ ဒီနေ့က ၂ နာရီလောက်ကတည်းက တိုက်ပွဲ ကလည်း ဖြစ်နေ အသံတွေက ကြားနေရတော့ လူတွေကလည်း နည်းနည်းကြောက်နေကြတာ။ အဲ့ဒါသူတို့ ဝင် လာတဲ့ တချို့က ထွက်ပြေးတယ်။ အခုသိသလောက်ဆိုရင်တော့ လူ ၂၀၊ ၃၀ လောက်လို့ ပြောလို့ရမယ် စစ်သား တွေက ဖမ်းသွားတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည့် သူများ၏ အမည်များနှင့် စာရင်း အတိအကျကိုမူ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

သို့သော် ဒေသခံအချို့၏ ပြောဆိုမှုများအရ ကလေးငယ်အချို့နှင့် အမျိုးသမီးများပါ ဖမ်းဆီးခေါ်ဆောင်ခံရ သူများထဲတွင် ပါသွားသည်ဟု ဆိုကြသည်။

မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ မြို့ပေါ်အထိ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများ ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း အကြောင်းအရင်းကိုမူ မသိဘူးဟုလည်း မိုးမောက်ဒေသခံများက ပြောသည်။

မိုးမောက်ဒေသခံများအနေဖြင့် ယခုဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည့် ဒေသခံများအား စစ်ကောင်စီတပ်က တိုက် ပွဲဖြစ်ပွားနေသည့် ကြံခင်းကျေးရွားဘက် လမ်းကြောင်းတစ်လျှောက် လူသားဒိုင်းများအဖြစ် အသုံးချခံရ မည်ကို စိုးရိမ်နေကြသည်။

မိုးမောက်မြို့က ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIO တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်လျှက်ရှိသော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required