တစ်လုံးတစ်ခဲတည်း ပင်စင်ငွေယူမည့် အမတ်များ လစဉ်နိုင်ငံရေးပင်စင် ခံစားခွင့်ရတော့မည်မဟုတ်

တစ်လုံးတစ်ခဲတည်း ပင်စင်ငွေယူမည့် အမတ်များ လစဉ်နိုင်ငံရေးပင်စင် ခံစားခွင့်ရတော့မည်မဟုတ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၃၁)။ ။ လက်ရှိတွင် လစဉ်နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိနေသော လွှတ်တော်အမတ်များ အနေဖြင့် တစ်လုံးတစ်ခဲတည်းရရှိမည့် ပင်စင်ချီးမြှင့်ငွေကို ခံစားမည်ဆိုပါက လက်ရှိခံစားနေသော လစဉ် နိုင်ငံရေးပင်စင် ခံစားခွင့်ရတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၃၁ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမစခင် အခန်းအနားမှူးက အမတ်များကို ကြေငြာလိုက်သည်။

"လစဉ်နိုင်ငံရေးပင်စင်ကို ယခင်ကခံစားခဲ့သော ပုဂ္ဂိုလ်များသည် အခု ကျွန်တော်တို့ ချီးမြှင့်မယ့် တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားရင်တော့ ယခင်ရနေတဲ့ လစဉ်နိုင်ငံရေးပင်စင်ခံစားခွင့်ကို ရရှိမှာ မဟုတ်တော့ပါဘူး" ဟု အခမ်းအနားမှူးက ကြေငြာသွားသည်။

 လစဉ် နိုင်ငံရေးပင်စင် ခံစားခွင့်မရှိဘဲ ယခုပေးမည့် တစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင်ငွေခံစားမည့် အမတ်များအနေဖြင့် ပုံစံ၃(က) လျှောက်လွှာစာရွက်တွင် မိမိတို့ဓာတ်ပုံများကို ပုံစံစာရွက်တွင် ကပ်ပြီး အချက်အလက်များဖြည့်စွက်ကာ လာမည့် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၈ရက် နောက်ဆုံးထားကာ လွှတ်တော်ရုံးသို့ ပေးပို့ကြရမည်ဖြစ်သည်။

လက်ရှိ လစဉ် နိုင်ငံရေးပင်စင်ခံစားခွင့်ရသော အမတ်များအနေဖြင့်မူတစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင့်ငွေ ကို ခံစားမည်ဆိုပါက လစဉ် နိုင်ငံရေးပင်စင်ကို ရယူတော့မည်မဟုတ်ကြောင်း ဝန်ခံချက်လက်မှတ် ရေးထိုးရမည် ဖြစ်သည်။

တစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင့်ငွေမှာ လက်ရှိရရှိနေသော လစာငွေပမာဏအတိုင်း လုပ်သက်အလိုက်ရ ရှိမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အမတ်များ၏ လက်ရှိလစာငွေမှာ ဆယ်သိန်းကျပ် ရရှိနေသည့်အတွက် ၂၀၁၀ရွေးကောက်ပွဲ နိုင်သည့် အမတ်များအနေဖြင့် သိန်း(၅၀)ကျပ် ရရှိမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမတ်များမှာ ကျပ်သိန်း(၃၀) ရရှိမည်ဖြစ်သည်။

အဆိုပါ တစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင့်ငွေမှာ ယခင်အစိုးရလက်ထက်က ပြဌာန်းထားသည့် ဥပဒေအရ လွှတ်တော်အမတ်များကသာ ခံစားခွင့် ရရှိမည်မဟုတ်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောဆိုထားသည်။

“တကယ်တော့ အခုပြောနေကြတဲ့ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာ လွှတ်တော် ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့၊ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ အားလုံး ပါဝင်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

အဆိုပါ တစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင့်ငွေကို NLDအမတ်များလည်း ယူကြမည်ဖြစ်ပြီး ရရှိမည့် ငွေအားလုံးကို နိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်းတစ်ခုအတွက် လှူဒါန်းသွားမည်ဟု NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း)၏ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly