မန္တလေးတွင် ကင်းစောင့်စစ်သားများ ဗုံးပစ်ခံရ၊ ဒဏ်ရာ ရရှိသူများရှိဟု မြို့ခံများပြော

မန္တလေးတွင် ကင်းစောင့်စစ်သားများ ဗုံးပစ်ခံရ၊ ဒဏ်ရာ ရရှိသူများရှိဟု မြို့ခံများပြော

နိုဝင်ဘာ ၂၇

မန္တလေးမြို့ (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီး ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး ဒဏ်ရာ ရသွားကြောင်း မြို့ခံစျေးသည် တစ်ဦးက ပြောသည်။

“အဲဒီ အနားမှာ ရဲကင်းတစ်ခုလည်း ရှိတယ်။ ပေါက်တာက ပေါ်တော်မူ ဘုရားနဲ့ (၄၁) လမ်းစျေး ကြားမှာ ပေါက်တာပါ။ ဟိုရက်က စစ်ကား ဗုံးနဲ့ ပစ်ခံရလို့ အဲဒီအနားမှာ စစ်သားတွေ နေ့တိုင်း ကင်းပုန်း ချထားတာ တွေ့ရတယ်။ အဲဒီနား ပေါက်တာပါ။ စစ်သားနှစ်ယောက် အတော် ထိသွားတယ်။ သေမသေတော့ မသိဘူး” ဟု အဆိုပါ စျေးသည်က ပြောသည်။

ဗုံးပေါက်အပြီး စစ်ကောင်စီတပ်သားများ ရမ်းသမ်း ပစ်ခတ်မှုကြောင့်လည်း အရပ်သားနှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာ ရသွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီနားမှာ စည်ပင်နဲ့ ရဲတွေရော စစ်သားတွေရော ကျူး (ကမ်းနားလမ်း ကျူးကျော်တဲများ) ရှင်းနေတယ်။ ကျူးရှင်းတဲ့ စစ်သားတွေကို ပစ်တာလား၊ ကင်းပုန်းကို ပစ်တာလားတော့ မသိဘူး။ အဲဒီမှာ စစ်သားတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ရမ်းပစ်တယ်။ နောက်တော့ အရပ်သား နှစ်ယောက် ဒဏ်ရာရလို့ ဆိုပြီး ရပ်ကွက်ထဲ ဆူညံသွားတာပဲ" ဟု ၎င်းက ပြောသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီးတွင် စျေးဝယ်လာသည့် စစ်ကားတစ်စီး နို၀င်ဘာလ ၂၄ ရက်နေ့တွင် ဗုံးပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သားများ ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင်မူ ဈေးအရောင်းအဝယ်များ ပြန်ရှိနေပြီဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required