ဖားကန့်က ကျောက်တူး ယာဉ်တွေကို အရေးမယူဘဲ စုံစမ်းရုံသာ လုပ်တာဟာ မယောင်ရာ ဆီလူးတာလို့ ဒေါ်စုပြော

ဖားကန့်က ကျောက်တူး ယာဉ်တွေကို အရေးမယူဘဲ စုံစမ်းရုံသာ လုပ်တာဟာ မယောင်ရာ ဆီလူးတာလို့ ဒေါ်စုပြော

ဖားကန့် ဒေသသို့ တရုတ်နိုင်ငံမှ ကုန်တင်ကားများစွာ ရောက်ရှိကာ ကျောက်စိမ်းတူးဖေါ်မှုများအတွက် အဆိုပါကားများ မည်သို့ရောက်ရှိလာသည်ကို စုံစမ်းရေးကော်မရှင်တစ်ရပ် အစိုးရက ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် မယောင်ရာ ဆီလူးခြင်းဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အဆိုပါ ကိစ္စများကို ထိထိထိရောက်ရောက် အရေးယူသင့်သည်ဟု လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း)၏ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွင် ပြောသွားခြင်းဖြစ်သည်။

လွှတ်တော်အမတ်များအတွက် နိုင်ငံရေး ပင်စင်မှ ရရှိသည့် ငွေကို နိုင်ငံအတွက် ပြန်လည် လှူဒါန်းသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အလားတူ အစိုးရအသစ် ပြောင်းလဲသည့်အခါ နိုင်ငံပိုင် မီဒီယာများ မရှိသင့်တော့ဟု ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအရေး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်သင့် မဆောက်သင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် နှစ်သစ်ကူး ဆုတောင်းစကားတို့ကိုလည်း လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) ၏ ထုတ်လွှင့်မှုကို မဇ္ဈိမက ပြန်လည် ဖေါ်ပြပေးလိုက်ပါသည်။

 

အမှိုက်ကောက်တဲ့ ယဉ်ကျေးမှုက တော်တော် ထွန်းကားနေတာပဲ။ အဲ့ဒီတော့ ဒီလို အများပြည်သူ လိုက်ပါနိုင်တဲ့ တခြား လှုပ်ရှားမှုတွေကော ဘာတွေများ ဆက်လုပ်ဖို့ရှိသေးလဲ ခင်ဗျာ့။

လုပ်စရာတွေကတော့ အများကြီးပဲ ဒါပေမယ့် အခု လောလောဆယ်ကတော့ နေပြည်တော်မှာ လွှတ်တော် ကိစ္စတွေက နည်းနည်း များနေတော့ တခြားကို မဆင်းဖြစ်ဘူး။ အမှိုက်ကောက် တာကတော့ ကိုယ်စားလှယ်တွေကလည်း ဆက်လုပ်ရမယ်။ အခုအချိန်မှာတော့ ကိုယ်စားလှယ်တွေကိုလည်း သင်တန်းတွေ ဘာတွေ ပေးနေတယ်။ ဒါမှ ပြည်သူ့တာဝန်ကို သူတို့ ကောင်းကောင်း ထမ်းဆောင်နိုင်အောင်လို့။ ပြည်သူ ပါဝင်မှပဲ အားလုံး လုပ်လို့ရမှာပါ။

 

အစိုးရတာဝန် လွှဲပြောင်းရေးတွေကကော ချောချောမောမောပဲလားခင်ဗျာ့။ ဝန်ကြီးဌာနတွေ မလိုအပ်ပဲ များပြားနေတဲ့အတွက် ပေါင်းပစ်မယ် ဒါပေမယ့်လည်း ပိုလျှံတဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်ထုတ်ပစ်မှာ မဟုတ်ဘူးလို့ အစ်မ ပြောပါတယ်။ အဲ့ဒီတော့ သူတို့ကို ဘယ်လို နေရာချထားပေးမှာလဲခင်ဗျာ့။

(အစိုးရတာဝန်လွှဲပြောင်းရေး) ခုထိတော့ ချောချောမောမောပါပဲ။ ဝန်ကြီးဌာနတွေ ပေါင်းတယ်ဆိုရင်လည်း ဝန်ထမ်းတွေကတော့ လိုမှာပဲလေ။ နောက် တခြား လုပ်စရာတွေလည်း အများကြီးရှိပါတယ်။ တကယ်ဆို ဘယ်လိုဖြစ်နေလဲဆိုတော့ ဝန်ထမ်းတွေက တချို့နေရာတွေမှာ ဖေါင်းပွနေပြီးတော့ တစ်ချို့နေရာတွေမှာ မလောက်ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ ဒါတွေကို ပိုပြီးတော့ တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲဖို့ပဲပေါ့။ အလုပ်ရှိတဲ့နေရာကို အလုပ်မရှိတဲ့ ဝန်ထမ်းတွေ ပို့ရမှာပေါ့။

 

အစိုးရပိုင် မီဒီယာတွေရဲ့ အနာဂတ်ကိုကော အစ်မ ဘယ်လို သဘောထားလဲခင်ဗျာ့။

အစိုးရပိုင် မီဒီယာတွေဆိုတာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် ဒါဟာ နေ့ချင်းညချင်း မလုပ်ပါဘူး။ သေသေချာချာ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမယ့် သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံး လုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ။

 

ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင်ကော ခင်ဗျာ။

ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် ဥပမာ အမေရိကားတို့ အင်္ဂလန်တို့မှာလည်း တစ်ကယ်တော့ နိုင်ငံက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားတို့ ရေဒီယိုတို့ဆိုတာ ရှိတာပဲလေ။ ဥပမာ VOA တို့ BBC တို့လိုဟာမျိုးပေါ့။ သို့သော်လည်း သူတို့ရဲ့ လွတ်လပ်မှုရှိတယ် သူတို့ Charter နဲ့သူတို့ အလုပ်လုပ်နိုင်တယ်။ အဲ့ဒီတော့ ထောက်ပံ့ထားတဲ့ဟာ ရှိရင်တောင်မှ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။

 

ကချင်ပြည်နယ် ဖားကန့်ဒေသကို ဒီရက်ပိုင်းအတွင်းမှာ တရုတ်ပြည်က ကုန်တင်ကားတွေ ရာနဲ့ချီပြီး နယ်စပ်က ဝင်လာတယ်ဗျာ့။ ကျောက်စိမ်းတွင်းကနေပြီးတော့ မြေတွေ ကျောက်တွေ အလုအယက် သယ်ပြီး တရုတ်ပြည်ကို သယ်ကြတာပေါ့။ ဒါကို အစိုးရက ဖားကန့်သွားပြီး ချက်ချင်း မစစ်ဆေးဘဲနဲ့ ဒီကားတွေကို နယ်စပ်တွေကို ဘယ်လိုဝင်လာသလဲဆိုတာ စုံစမ်းရေး အဖွဲ့ ဖွဲ့တယ်လို့ သိရတယ် ခင်ဗျာ့။ အဲ့ဒီတော့ ရွာထဲ ဝင်ပြီး ဓါးပြတိုက်နေတာကို သူကြီးက ချက်ချင်းသွားမဖမ်းဘဲနဲ့ ရွာသားတွေကို အစည်းအဝေး ခေါ်နေသလိုမျိုး ဖြစ်နေတာပေါ့။ ဒီကိစ္စမျိုးကို ဘယ်လို အရေးယူသင့်တယ်လို့ ထင်ပါသလဲ။

မယောင်ရာ ဆီလူးတဲ့ကိစ္စတွေ ဒါဟာ လုပ်နေကျ ကိစ္စတွေပဲ။ ဒါတွေကတော့ အများကြီး ပြုပြင်စရာ ရှိတာပေါ့။ ဒီကိစ္စလည်း လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတယ်ဆိုတာလည်း ကိုခင်မောင်စိုး ကြားပြီးသား ဖြစ်မှာပါ။

 

ဟုတ်ကဲ့ အစ်မ ဟိုတစ်ပတ်ကလည်း ပြောတယ် ငါးကြိမ်ရှိပြီဆို။ ခုလည်းနောက်တစ်ကြိမ် ထပ်ဖြစ်လာပြီ။ ဒါကို ဘယ်သူမှ ချက်ချင်း ထိထိရောက်ရောက် အရေးမယူဘူးလို့ပဲ မြင်နေရတာပဲ ခင်ဗျာ့။

ထိထိရောက်ရောက် အရေးမယူတာတွေကတော့ အများကြီးပါ။ ဒါကြောင့်မလို့ တရားဥပဒေ စိုးမိုးရေးဆိုတာ လွှတ်တော်ထဲကနေ ဥပဒေ ထုတ်ရုံနဲ့ မပြီးသေးဘူး။ ဒီဥပဒေကို ထိရောက်အောင် လုပ်ဖို့ဆိုတာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အဓိကပဲလေ။

 

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေး ဥပဒေကြမ်းကိုကော အစ်မ ဘယ်လို သဘောထားပါသလဲ ခင်ဗျာ့။

အဲ့ဒီဟာကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါကျလို့ရှိရင် အစ်မတို့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို သိရမှာပါ။

 

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ဥပဒေကြမ်းကိုကော အစ်မ ဘယ်လို သဘောထားသလဲ ခင်ဗျာ့။

ဒါလည်း လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါ သိရမှာပါ။ လွှတ်တော်ထဲမှာ ဆွေးနွေးရမယ့် ကိစ္စတွေကိုတော့ ကြိုတင်ပြီးတော့ သိပ်ပြီးတော့ မပြောချင်ဘူး။ ဒါဟာ အစ်မတို့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ပြောရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

 

လွှတ်တော်အမတ်တွေ တစ်လုံး တစ်ခဲတည်း နိုင်ငံရေး ပင်စင်ချီးမြင့်မယ့် ကိစ္စကိုကော ခင်ဗျာ့။

အဲ့ဒီဟာကတော့ အစ်မတို့ လှူမယ်လေ၊ ဒါ အားလုံးက ဥပဒေအရ ရတယ်ဆိုတော့ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရတယ်။ ဒါ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက သဘောတူညီပြီ ဒီငွေတွေကို ပူးပေါင်းပြီးတော့ နိုင်ငံကို အကျိုးဖြစ်မယ့် စီမံကိန်း တစ်ခုအတွက် လှူဖို့ ဆိုပြီးတော့ အစ်မတို့ ဆွေးနွေးထားပါတယ်။

 

ပင်စင်ချီးမြင့်ငွေ အားလုံးလားခင်ဗျာ့။

ဟုတ်တယ် အားလုံးပေါ့ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက လခ ရနေတာပဲ။ မလိုပါဘူး ဒီ ပင်စင်ချီးမြင့်ငွေကို။

 

ဒီလို ဥပဒေတစ်ခု ထုတ်လိုက်တာကိုကော အစ်မ ဘယ်လိုမြင်လဲ။

ဘာ့ကြောင့် ထုတ်သလဲတော့ အစ်မမသိဘူး၊ တခြားနိုင်ငံတွေမှာလည်း အစ်မ စုံစမ်းကြည့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အဲ့ဒီလို ပေးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အများအနည်းတော့ မတူကြဘူးပေါ့။

 

ကျနော်တို့ နိုင်ငံက တခြားနိုင်ငံ အခြေအနေနဲ့ မတူဘူး မဟုတ်လား ခင်ဗျာ။

ဟုတ်တယ်လေ ဒါကြောင့်မလို့ အစ်မတို့က ရတဲ့ ပင်စင်ချီးမြင့်ငွေတွေကို စုပေါင်းပြီးတော့ ချီးမြင့်ငွေတွေကို နိုင်ငံအတွက် လှူဖို့ဆိုပြီးတော့ စဉ်းစားထားပါတယ်။ ဆွေးနွေးပြီးပါပြီ အစ်မတို့ ကိုယ်စားလှယ်တွေကလည်း သဘောတူပါတယ်။

 

လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစ်မ တက်ရောက်မလား ခင်ဗျာ့။

မတက်ပါဘူး၊ လွှတ်တော်မှာ တခြား အလုပ်တွေ များပါတယ် တခြား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီမှာ ရှိဖို့လိုပါတယ်။ များနိုင်သမျှ များများပေါ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီမှာ ရှိနေဖို့ လိုပါတယ်။

 

နိုင်ငံရေး ပါတီတွေ အစိုးရတွေ အနေနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေထံက အကူအညီ ယူတာနဲ့ ပတ်သက်ပြီး အစ်မ ဘယ်လို သဘောထားရှိပါသလဲခင်ဗျာ့။

ဒါဟာ ဘယ်လိုအတွက် ဘယ်ပုံစံနဲ့ ဘာအတွက် ယူတယ်ဆိုတာပေါ်မှာ မူတည်တာပေါ့။ အကူအညီ လုံးဝ မယူရဘူးဆိုတာလည်း ဒါဟာ အင်မတန်မှ ကျဉ်းမြောင်းတဲ့ အမြင်ဖြစ်ပါတယ်။ ဒါပေမယ့် ယူပုံယူနည်းက တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်ဖို့ နောက်တော့ အရေးကြီးတာတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း သဘောပေါက်မယ်။ ဘာ့အတွက်ယူတာလဲ ဒါဟာ ကောင်းသလား ဆိုးသလား။ ပွင့်လင်းမြင်သာမှုဆိုတာဟာ အစိုးရများကို အများကြီး အထောက်အကူ ဖြစ်ပါတယ်။ တစ်ချို့တွေက ထင်တာ ပွင့်လင်းမြင်သာမှုဆိုတာ အစိုးရကို တိုက်ခိုက်ဖို့ ထင်တယ်။ တစ်ကယ်တော့ မဟုတ်ဘူး ပွင့်လင်းမြင်သာမှုရှိမှ ကိစ္စတစ်ခု၊ စီမံကိန်းတစ်ခုကို အကောင်အထည် ဖေါ်လိုက်လို့ရှိရင် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်သလဲဆိုတာ အဘက်ဘက်က သိရတယ်။ သိရတဲ့ အခါကျတော့ မှန်မှန်ကန်ကန် လုပ်ကိုင်နိုင်ဖို့အတွက် အများကြီး အထောက်အကူရတယ်။ အဲ့ဒီတော့ ဒီလိုဟာမျိုးတွေဆိုတာ ပွင့်လင်းမြင်သာမှုအပေါ်မှာ အခြေခံလို့ရှိရင် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးဖြစ်နိုင်ပါတယ်။

 

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံရပြီး သေဒဏ်ပေးခံရတဲ့ မြန်မာ လူငယ် နှစ်ယောက်အမှုကိုကော အစ်မ ဘယ်လိုမြင်သလဲခင်ဗျာ့။

ဒါဟာ သူတို့ရဲ့ တရားဥပဒေ လမ်းကြောင်းအရ သွားရမှာပဲ အမှုနဲ့ပတ်သက်လို့ ဆုံးခန်းတိုင်အောင်လို့ အဆင့်ဆင့် အယူခံတင်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတော့ အဲ့ဒီအခွင့်အရေးတွေကို အပြည့်အဝ ရအောင်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေက လုပ်ပေးရမှာပေါ့။ အစ်မ နားလည်သလောက်တော့ သံရုံးကနေ ငှားထားပေးတဲ့ ရှေ့နေတွေ တော်တော်များများ ရှိတယ်လို့တော့ ကြားရပါတယ်။

 

ကျနော်တို့ ရတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ဆက်သွယ်ပြီးတော့ မြန်မာနိုင်ငံကနေပြီးတော့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကို တရားခံတွေအတွက် လွှတ်ပေးနိုင်တယ် ဆိုပြီးပြောတာ ကြားရပါတယ်။ အဲ့ဒါမျိုးကောသင့် တော်သလား အစ်မတို့ NLD ကော လွှတ်မလား။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေ အစ်မ နားလည်သလောက် သံရုံးကနေ ငှားထားပေးတာ ငါးယောက် ခြောက်ယောက်လောက်ရှိတယ်။ ထပ်ပြီးတော့ လွှတ်ချင်တယ်ဆိုရင်လည်း လွှတ်လို့ရပါတယ်။

 

ရန်ကုန်တက္ကသိုလ် ပြုပြင်ရေးနဲ့ အဆင့်မြင့်တင်ရေးအတွက် အစည်းအဝေး လုပ်တယ်လို့ ကြားရပါတယ်။ ဘာတွေများ လုပ်ဆောင်မလဲခင်ဗျာ။

ဒါကတော့ ပုံမှန်ပါပဲ ဒီအစည်းအဝေး မလုပ်တာတော့ နည်းနည်းကြာပြီပေါ့။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးတို့ ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးတို့ဆိုတာ ပုံမှန်လုပ်နေကျ အလုပ်တွေပါ။ ရန်ကုန်ဆေးရုံကြီး ကိစ္စကတော့ အများကြီး ပိုပြီးတော့ ခရီးရောက်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကိစ္စကတော့ လုပ်ရတာ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် အခုပြန်ပြီးတော့ လုပ်စရာတွေ တော်တော်များပါတယ်။

 

ရန်ကုန်တက္ကသိုလ်ကိစ္စ ပြောရရင် ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံရတဲ့ ကိစ္စကို လူတိုင်း စိတ်ဝင်စားပါတယ်။ အစ်မတို့ အစိုးရ လက်ထက်မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦး ပြန်ဆောက်မလား ခင်ဗျာ့။

ကျောင်းသား သမဂ္ဂ အဆောက်အဦး ဆောက်တယ်ဆိုတာ ပြည်သူကလည်း လိုလားကြတယ်၊ ဘာမှလည်း အန္တရယ်မရှိပါဘူး။ ဖြစ်နိုင်ရင် လုပ်သင့်တဲ့ကိစ္စပါ။

 

တစ်ကယ်လို့များ လုပ်မယ်ဆိုရင် မူလပုံစံအတိုင်း ဖြစ်သင့်သလား ခင်ဗျာ့။

ဒါကတော့ သက်ဆိုင်တဲ့လူတွေက ဆုံးဖြတ်ရမှာပဲ မူလပုံစံ အနေအထားကို ပြန်ပြီးလုပ်လို့ရှိရင် အားလုံးကလည်း လက်ခံတယ် သင့်တော်တယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တစ်ချို့ကလည်း ခေတ်နဲ့ လျော်ညီအောင် လုပ်ချင်တဲ့လူလည်း ရှိပါတယ်။ အဲ့ဒါလည်း မမှားပါဘူး တစ်ခေတ် တစ်ခေတ်ကို မှတ်သားသွားတာပေါ့နော်။ တစ်ချို့နိုင်ငံတွေက နှစ်တွေ ရာနဲ့ချီပြီးတော့မှ တည်ဆောက်ခဲ့တဲ့အခါမှာ အဆောက်အဦး အသစ်တွေ ဆောက်တဲ့အခါ သူတို့က နောက်ဆုံးပုံစံနဲ့ ဆောက်တာပဲ။ ဒါပေမယ့် အားလုံးတော့ သဟဇာတ ဖြစ်ဖို့တော့ လိုတာပေါ့။ ဘယ်လို ပုံစံနဲ့ ဆောက်မလဲဆိုတာ အစ်မ တစ်ယောက်တည်း ဆုံးဖြတ်မှာလည်းမဟုတ်ဘူး အခုအချိန်မှာ ဘယ်သူမှလည်း ဆုံးဖြတ်လို့မရသေးဘူး။ တကယ် ဒီလုပ်ငန်းကို အကောင်အထည်ဖေါ်တဲ့အခါမှ အားလုံးဝိုင်းပြီး စဉ်းစားရမှာပါ။

 

ကျောင်းသား သမဂ္ဂတွေ မြန်မာနိုင်ငံမှာ ပေါ်ထွန်းရေးကော အစ်မ ဘယ်လိုသဘောထားသလဲ ခင်ဗျာ့။

ဒါကတော့ ပညာရေး ဥပဒေထဲမှာ ပါပြီးသားလေး အဆင့်မြင့် ပညာရေး ဥပဒေကျလို့ရှိရင် ကျောင်းသား သမဂ္ဂတွေ ပေါ်ပေါက်ရေးဆိုတာဟာ တက္ကသိုလ်တွေဟာ သူတို့ ပဋိညာဉ် စာတမ်းအရ သတ်မှတ်မှာ ဖြစ်ပါတယ်။

 

အနုပညာရှင်တွေနဲ့ အနှေးယာဉ်လုပ်သားတွေ ရွေးကောက်ပွဲမှာ ကူညီခဲ့တဲ့အတွက် အစ်မ ဂုဏ်ပြုတာ ကျနော်တို့ ကြားရတယ်။ အဲဒီတော့ ရွေးကောက်ပွဲအတွက် ကူညီခဲ့တဲ့ တခြား အဖွဲ့အစည်းတွေကိုကော အစ်မ တွေ့ဖို့ရှိသေးလား ခင်ဗျာ့။

အားလုံးကို တွေ့ဆုံဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကလည်း အားလုံး ကူညီကြပါတယ်။ အနုပညာရှင်တွေနဲ့ အနှေးယာဉ်လုပ်သားတွေကို သေသေချာချာ ဂုဏ်ပြုရတဲ့အကြောင်းက တော်တော်ကို အပင်ပမ်းခံခဲ့ရပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ကြတယ် နောက် အထူးသဖြင့် အနှေးယာဉ် အလုပ်သမားတွေ ဆိုလို့ရှိရင် တစ်နေ့လုပ်မှ တစ်နေ့စားရတာ တစ်ကယ့်ကို အနစ်နာခံပြီးတော့ ယုံကြည်ချက်အရ လုပ်တော့ အထူးကျေးဇူးတင်ပါတယ်။ အနုပညာရှင်တွေလည်း ကျေးဇူးတင်တယ် အနုပညာရှင်တွေဆိုတာ သူတို့ဘာသာ သူတို့နေလို့ရှိရင် အနေသာကြီး။ ဘယ်သူကလည်း ဘာမှ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဘဝတစ်ခုအတွက်ပဲ မစဉ်းစားဘဲနဲ့ တိုင်းပြည်အတွက် လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို သဘောကျလို့။

 

၂၀၁၅ ခုနှစ်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်တဲ့အတွက် အင်မတန် အရေးကြီးတယ်။ ပြည်သူလူထုအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြပါလို့ အစ်မ ပြောခဲ့တယ်။ အခု ၂၀၁၅ ခုနှစ် ကုန်တော့မယ်ခင်ဗျာ့ မြန်မာပြည်သူတွေ တာဝန် ကျေခဲ့ပါသလား ခင်ဗျာ။

ဒီနှစ်အတွက် ကျေခဲ့ပြီ ဒါပေမယ့် နောက်နှစ်တွေ နောက်နှစ်တွေ ရှိသေးတယ်။ တာဝန်ဆိုတာ ဘယ်တော့မှ ဆုံးတာ မဟုတ်ပါဘူး လူဆိုတာ အသက်ရှိနေသရွေ့ တာဝန်ဆိုတာ ရှိတာပဲ။ အဲ့ဒီတော့ တာဝန်ကို မကြောက်စေချင်ဘူး ဘာဝန်ဆိုတာ ရှိဦးမှာလား ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲနဲ့ ငါတို့မှာ တာဝန်တွေရှိတယ် ဆိုတဲ့စိတ်နဲ့ တက်တက်ကြွကြွနဲ့ ဆက်ပြီးတော့ လုပ်စေချင်ပါတယ်။

 

၂၀၁၅ ခုနှစ် ဖြစ်ပေါ်မှုတွေကိုကော အစ်မ ကျေနပ်မှုရှိလား။

ကျေနပ်မှုရှိပါတယ် ပြည်သူလူထုကနေပြီးတော့ တာဝန်ကျေပါတယ်။ ဒါပေမယ့် ခုဏ ပြောသလိုပဲ တာဝန်ဆိုတာကတော့ ဘယ်တော့မှ မဆုံးပါဘူး။ ဆက်ဆက်ပြီးတော့ ရှိမှာပါ အားလုံးအတူတူ လက်တွဲပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင်လို့ရှိရင်လည်း ထင်သလို လေးပင်မှာ မဟုတ်ပါဘူး။ ပေါ့ပါးမှာပါ။

 

ပြည်သူပြည်သားအားလုံးအတွက် နှစ်သစ်ကူးစကား ချီးမြင့်ပေးပါ ခင်ဗျာ။

နှစ်သစ်ကူးစကား တိုတိုနဲ့ ပြောရလို့ရှိရင် ဒီလိုတာဝန်တွေကို ဒီအချိန်မှာ ထမ်းဆောင်ပိုင်ခွင့်ရှိတာကို ဂုဏ်ယူပါ။ ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် တိုင်းပြည်အတွက် အခွင့်အရေးကြီးရတယ် အခွင့်ကောင်းရတယ် ဆိုတာကို ဝမ်းသာကြပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly