အာဖဂန်ပြည်သူများအတွက် အစားအစာနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာမှု အကူအညီများပေးရန် အိန္ဒိယ အသင့်ရှိ

By Zee5
26 November 2021
အာဖဂန်ပြည်သူများအတွက် အစားအစာနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာမှု အကူအညီများပေးရန် အိန္ဒိယ အသင့်ရှိ

အာဖဂန်နစ္စတန်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အပါအဝင် အရေးတကြီး လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရန် နယူးဒေလီဘက်က နောက်တကြိမ် အသင့်ရှိနေကြောင်း အိန္ဒိယက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်သည် ပြီးခဲ့သည့် နှစ်များအတွင်း သွေးထွက်သံယိုဖြစ်မှုများနှင့် အကြမ်းဖက်မှုတို့ကို တွေ့ကြုံထားခဲ့ရပြီး ဖြစ်ပြီး အရေးတကြီး အကူအညီများ လိုအပ်နေကြောင်း အိန္ဒိယက အလေးပေး ပြောခဲ့သည်။

"အာဖဂန်နစ္စတန် လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မဖူလုံမှုဆိုင်ရာ အရေးပေါ်လယ်ဗယ်တွေနဲ့ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရသလို ပြည်သူတွေရဲ့ အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေပါတယ်" ဟု ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ် တီအက်စ် တီရူမာတီက နိုဝင်ဘာ ၁၇ ရက်က အာဖဂန်နစ္စတန်ဆိုင်ရာ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုအတွင်း ပြောခဲ့သည်။

အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှု အကူအညီ ပေးပို့မှုကို အဟန်အတားမရှိ တိုက်ရိုက်ဦးတည်သင့်သည် ဆိုသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုချက်ကို အိန္ဒိယအနေဖြင့် ထောက်ခံကြောင်း တီရူမာတီက အလေးပေး ပြောခဲ့သည်။ လူသားချင်းစာနာမှု အကူအညီကို လူမျိုး၊ ဘာသာမရွေး သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်မရွေး လူအားလုံးထံသို့ ခွဲခြားဆက်ဆံမှုမရှိဘဲ ရောက်ရှိသင့်သည်ဟု ၎င်းက ပြောခဲ့သည်။

"အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လူနည်းစုတွေအပါအဝင် အားနည်းချက် (ပျော့ကွက်) အရှိဆုံး လူတွေဆီ အကူအညီတွေ အရင်ဆုံး ရောက်ရှိစေသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

တစ်ဖက်သက်ကျလွန်းသည့် အကျိုးတရားများကို ကျော်လွှားရင်း ဒေသတွင်းရှိ နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အတူတကွ လက်တွဲလုပ်ဆောင်ကြရေးကို အိန္ဒိယသံအမတ်က တိုက်တွန်းခဲ့သည်။

"အာဖဂန်နစ္စတန် ပြည်သူတွေထံ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို သင့်တော်လျော်ကန်စွာ ထောက်ပံ့စေနိုင်ဖို့အလို့ငှာ အိန္ဒိယအနေနဲ့ အခြား သက်ဆိုင်ပတ်သက်သူတွေနဲ့ အတူ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ဖို့ဆန္ဒရှိပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုကျော်အတွင်း အိန္ဒိယသည် အာဖဂန်နစ္စတန်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားစွာ ထောက်ကူပေးခဲ့ကြောင်း အလေးပေးပြောရင်း တီရူမာတီက "ကျွန်တော်တို့ ပြောခဲ့သလိုပဲ အိန္ဒိယအစိုးရဟာ ထောင်နဲ့ချီတဲ့ အာဖဂန် အမျိုးသား၊ အမျိုးသမီးတွေ အိန္ဒိယနိုင်ငံမှာ သူတို့ရဲ့ ပညာရေးကို ဆက်လုပ်နိုင်ဖို့အတွက် ပညာရေး စကောလားရှစ်တွေ ဆက်ပြီး ပေးအပ်နေပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly