ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က မီးနှင့် ကစားနေ

By Taipei Times
26 November 2021
ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က မီးနှင့် ကစားနေ

ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုသည် မီးနှင့်ကစားသကဲ့သို့ ဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၅ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ပြုလုပ်သည့် အွန်လိုင်းထိပ်သီးအစည်းအဝေး၌ ပြောကြား ခဲ့သည်။

အဆိုပါ မှတ်ချက်များသည် ရှီက အာဏာကို တိုးမြှင့်ချုပ်ကိုင်ထားခြင်း၏ တရားဝင်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းရာတွင် တရုတ်ပြည်သူများ ကြားသိစေရန် သို့မဟုတ် ထိုင်ဝမ်တွင် ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်းကို သတိမမူမိသော ခေါင်းဆောင်တစ်ဦး၏ လှည့်စားမှုများကို ကိုယ်စားပြုခြင်းအပြင် ထိုင်ဝမ်ကို တရုတ်၏ ရန်လိုမှုကနေ ကာကွယ်ရန် နိုင်ငံတကာ၏ ထောက်ခံအားပေးမှု တိုးမြင့်လာစေရန်ဖြစ်နိုင်သည်။

ထိပ်သီးဆွေးနွေးပွဲ ရလဒ်အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် မည်သည့် အပြောင်းအလဲမှ မရှိ ကြောင်း နိုင်ငံတကာ မီဒီယာများက ကောက်ချက်ချခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦးစလုံးက အဓိကကျသည့် ကိစ္စရပ်များတွင် ၎င်းတို့၏ ရပ်တည်ချက်များကို ရိုးရိုးရှင်းရှင်း တုံ့ပြန် ပြောဆိုခဲ့ကြသည်။

ထိုင်ဝမ်အပေါ် ဝါရှင်တန်၏ ကတိကဝတ်နှင့် ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအခြေအနေ ကို တစ်ဖက်သတ်ပြောင်းလဲမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ဘိုင်ဒင်က ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ထို့အတူ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က အောက်တိုဘာလက ဝါရှင်တန် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးသည် ပူးတွဲ ကြေညာချက် ၃ ရပ်နှင့် တိုင်ပေကို ပေးထားသည့် 'အာမခံချက် ၆ ချက်' ဖြင့် ထိုင်ဝမ်ဆက်ဆံရေးဥပဒေက ဆက်လက် ထိန်းကြောင်း ထားကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် အမေရိကန်အကြား အဆင့်မြင့်ကိုယ်စားလှယ်များ ဖလှယ်မှုများကို ခွင့်ပြုရန် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်မှတ်ထိုးခဲ့သည့် ထိုင်ဝမ် ခရီးသွား အက်ဥပဒေသည် အမေရိကန်နှင့် ထိုင်ဝမ် ဆက်ဆံရေးအတွက် အရေးကြီးသော အချက်တစ်ချက်လည်း ဖြစ်သည်။

အပြင်ပန်းအားဖြင့် အမေရိကန်သည် ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ပြောင်းလဲရန် ကြိုးပမ်းနေပုံမပေါ်သော်လည်း ၂၀၂၀ပြည့်နှစ်အတွင်း ယင်း၏ လုပ်ဆောင်ချက်များသည် အခြားနည်းလမ်းတစ်ခုကို ဖော်ပြနေသည်။

ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာ ၁၁ရက်တွင် ကြေညာထားခြင်းမရှိဘဲ အမေရိကန်ရေတပ်မှ C-40A လေယာဉ်သည် အမေရိကန် လွှတ်တော်အမတ် ၆ ဦးကို မနီလာမှတစ်ဆင့် တိုင်ပေသို့ ပို့ဆောင်ပေးခဲ့သည်။

အမေရိကန် ကမ်းတက်တပ်ဖွဲ့များသည် ထိုင်ဝမ်တွင် အနည်းဆုံး တစ်နှစ်ခန့် လေ့ကျင့်ရေး စခန်းချထားကြောင်း တာဝန်ရှိသူများက အောက်တိုဘာလတွင် အတည်ပြုခဲ့ပြီး နိုဝင်ဘာလအစောပိုင်းတွင် ထိုင်ဝမ် ကမ်းတက်တပ်ဖွဲ့များသည် ဂူအမ်တွင် အမေရိကန် ကမ်းတက်တပ်ဖွဲ့များနှင့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

တရုတ်က ထိုင်ဝမ်အား တရုတ်အရပ်သားများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်သေဆုံးမှု သိသိသာသာ မဖြစ်ပေါ်စေဘဲ၊ တရုတ်၏ စီးပွားရေး၊ သံတမန်ဆက်ဆံရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့ဝင် ဖြစ်မှုတို့ကို မထိခိုက်စေဘဲ ထိုင်ဝမ်ကို စစ်အင်အားဖြင့် သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။

ထိုင်ဝမ်ပြည်သူများအား ခြိမ်းခြောက်၍ရမည်မဟုတ်ကြောင်းနှင့် တရုတ်အစိုးရက “မီးနှင့် ကစားခြင်းကို ရပ်တန့်သင့်သည်” ဟု ထိုင်ဝမ်အစိုးရက ရှင်းရှင်းလင်းလင်း ပြောကြားသင့်ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly