လိပ်ကျွန်းစီရင်​ချက်​နှင်​့ ထိုင်းရဲတို့၏ ပုံရိပ်ဆိုး

လိပ်ကျွန်းစီရင်​ချက်​နှင်​့ ထိုင်းရဲတို့၏ ပုံရိပ်ဆိုး

ကော့စမွီတရားရုံးက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ပြီးခဲ့သည့်နှစ် စက်တင်ဘာက လိပ်ကျွန်း၌ ဗြိတိန်စုံတွဲ သတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းတွင် ရဲထောက်လှမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး မျှော်လင့်ထားသည့်အတိုင်းပင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ခုခံကာကွယ်နေရလျက်ရှိပြီဖြစ်သည်။

အမျိုးသားရဲဌာနမှသည် ဒေသရဲဌာန အကြီးအကဲများအထိ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားယူပြီးသူများပါ အပါအဝင် အားလုံးက ယခုအမှု၌ မြန်မာတရားခံနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် အကောင်းဆုံးစုံစမ်းထောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြသည်။

စုံစမ်းစစ်ဆေးမှုတွင် ဒီအင်န်အေသက်သေက ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးတွင် အပြစ်ရှိကြောင်းကို ကောက်ချက်ချနိုင်သည့် အဓိကသက်သေဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရှေ့နေများက မေးမြန်းချိန် အသက် ၂၂ နှစ်စီရှိ တရားခံနှစ်ဦးကို ရဲများက တရားသဖြင့်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။ ၎င်းတရားခံနှစ်ဦး ဝန်ခံရန်အတွက် နှိပ်စက်ညဉ်းပန်းခဲ့ခြင်းမျိုး လုံးဝမရှိကြောင်း ဆိုထားကြသည်။

တရားရုံးတွင် တရားသူကြီးများက တရားခံများ၏ ဝန်ခံချက်အပေါ်မူတည်ပြီး စီရင်ချက်ချခဲ့ခြင်း မဟုတ်ဘဲ ရဲဌာနက တင်သည့် ဓာတ်ခွဲခန်းရလဒ်အရ စီရင်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာန ထုတ်ပြန်ချက်က ဖော်ပြသည်။

သို့သော် ယင်းအမှုနှင့် ပတ်သက်ပြီး မေးခွန်းပေါင်းများစွာ သပွတ်အူလိုက်နေသည်။ ယခုအမှုအပေါ် ယုံကြည်ရမှုအတွက် မေးခွန်းများ ဘာကြောင့် ရှိရသလဲ။ အမှုအပေါ် နိုင်ငံခြားမီဒီယာများက အပြစ်မရှိကြောင်း ဘာကြောင့် ရှုမြင်နေသလဲ။ ထိုင်းနိုင်ငံတွင်းက ပြည်သူများက မြန်မာနှစ်ဦးက စတေးခံရခြင်းလို့ ဘာကြောင့် ယုံကြည်နေဆဲ ဖြစ်ရသလဲ။ အမှုစီရင်ချက်အပေါ် စိုးရိမ်ပွားရကာ မြန်မာနိုင်ငံ အတွင်း ဘာကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာရပါသလဲ။

အဖြေအားလုံးက ရဲဌာန၏ မကောင်းသော လောင်းရိပ်ကြောင့်သာဖြစ်သည်။ ရဲလုပ်ပုံကိုင်ပုံများက သမာရိုးကျအားဖြင့် သံသယတရားခံများကို ရိုက်နှက်ခြင်းများ၊ စတေးခံရှာကာ တရားခံအဖြစ် ဖမ်းဆီးခြင်းများ၊ အမှားပြစ်မှုများအတွက် မျက်ကွယ်ပြုကာ လာဘ်ယူခြင်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေညှစ်ခြင်းများက လူအများအမြင်တွင် အမြစ်တွယ်လျက်ရှိပြီး ထိုဖြစ်ရပ်များက မကြာခဏဆိုသလို မှန်ကန်နေကြောင်းလည်း ထွက်ပေါ်လာတတ်ခြင်းဖြစ်သည်။

ထိုအရင်းခံအကြောင်းရင်းများအားဖြင့် မြန်မာနိုင်ငံသားများကြား မကျေမချမ်းစိတ်ဒေါသများ ဖြစ်လာစေကာ လမ်းပေါ်ထွက် စုရုံးဆန္ဒပြကြပြီး  တရားခံနှစ်ဦးအတွက် တရားမျှတရေးတောင်းဆိုလာခြင်းများ ဖြစ်လာတော့သည်။ ဒီဇင်ဘာ ၂၄ ရက်က တရားရုံးစီရင်ချက်ကြောင့် ရန်ကုန်တွင် စတင်လူစုရုံးဆန္ဒပြလာ၍ လုံခြုံရေးအတွက်စိုးရိမ်ကာ ထိုင်းသံရုံးကို ပိတ်ခဲ့ရသည်။ ပေါ်ပေါက်လာသည့် အခြေအနေများအပေါ် ထိုင်းအစိုးရက သက်ဆင်နှင့် ၎င်းအားထောက်ခံသူများလို နိုင်ငံရေးပြိုင်ဖက်များ၏ ခြေထိုးမှုသာဖြစ်သည်ဟု သံသယပွားလာနေတော့သည်။

ဒီဇင်ဘာ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရဲဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ပီယတ်ဖန်ပင်မောင့်က ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာနိုင်ငံသားများပါဝင်သည့် လူသတ်မှုပေါင်း ၁၂၆ မှုကို တရားစီရင်ခဲ့ကြောင်း၊ သို့သော်လည်း ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြောခဲ့ပြီး အချို့သောအဖွဲ့များက နိုင်ငံရေးအသာစီး ပြန်ရရန်အတွက် ဆန္ဒပြမှုများကို သွေးထိုးနေခြင်းဖြစ်ကြောင်းလည်း ထပ်ဆင့်ပြောခဲ့သည်။

ပီယတ်၏ ပြောဆိုချက်က အချက်တစ်ချက်ဖြစ်နိုင်သော်လည်း ယခင်အမှုများ၌ ဖွံ့ဖြိုးပြီး နိုင်ငံကြီးမှ နိုင်ငံသားခရီးသွားများ အသတ်ခံရခြင်းမျိုး ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ လိပ်ကျွန်းအမှုမှာမူ ဒေသတွင်း သြဇာတိက္ကမကြီးသူများ၏ လွတ်လပ်ခွင့်အတွက် ဆင်းရဲပြီး အင်အားမဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုးကျွေးခြင်းဖြစ်သည်ဟူသော သံသယများ ပေါက်ဖွားလာရသည်။ အများလက်ခံသည့် ယင်းယုံကြည်မှုက ထိုင်းရဲများအတွက် ရင်ဆိုင်နေရသည့် ပြဿနာပင်ဖြစ်တော့သည်။

နောက်ထပ်အခြားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် သံသယတရားခံအဖြစ် ဖမ်းဆီးထားသည့် လူသတ်မှုကလည်း မီဒီယာများအတွက် အာရုံစိုက်စရာဖြစ်လာသည်။ အသက် ၁၈ နှစ် ၂၅ နှစ် မြန်မာအလုပ်အမားလေးဦးကို အသက် ၁၇ နှစ်အရွယ် ကျောင်းသူအား စက်တင်ဘာလအတွင်းက သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးထားသည်။ ၎င်းတို့အား အမှုတွင် အပြစ်ဝန်ခံရန် ရနောင်းရဲများက နှိပ်စက်ထွက်ဆိုခိုင်းသည်ဟုလည်း သံသယတရားခံဖြစ်သူများက အခိုင်အမာစွပ်စွဲထားသည်။

ထိုအမှုမှ ဖမ်းဆီးခံထားရသည့် သံသယတရားခံတို့၏ ဆွေမျိုးအသိုက်အဝန်းနှင့် ရှေ့နေများက ၎င်းတို့လေးဦးအား အောက်တိုဘာ ၂၀-၂၄ ရက်အတောအတွင်း ဖမ်းဆီးခဲ့ကာ ရက်များစွာ နှိပ်စက်ခဲ့ကြောင်း ပြောကြသည်။ မျက်နှာကို အဝတ်မည်း ဖုံးအုပ်စည်းနှောင်ထားခြင်း၊ သေနတ်ဖြင့် ခြောက်လှန့်ခြင်း၊ ပလတ်စတစ်အိတ်ဖြင့် ခေါင်းစွပ်ကာ အသက်ရှုမွန်းကျပ်စေခြင်းနှင့် ယောက်ကျားငယ်ပါအား ကန်ကျောက်ခြင်းများကို ခံရကြောင်း ၎င်းတို့က စွပ်စွဲသည်။ ရဲများကမူ နှိပ်စက်ညဉ်းပန်းမှုမရှိဟု ငြင်းကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ဆန္ဒပြလူစုလူဝေးများနှင့် ပတ်သက်ပြီး ယိုးစွပ်ကာပြောနေသည့် လက်သည်ကို ရဲဌာနက လိုက်လံရှာဖွေနေခြင်းထက် အမျိုးသားလုံခြုံရေးတာဝန်ခံ လက်ထောက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်ဝန်ဆူဝန်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အား ပြန်လည်ပြုပြင်မှုများလုပ်ရန်ကိုသာ အမိန့်ပေးသင့်သည်။

တရားခံများ၏ အခွင့်အရေးကို လေးစားသည့်အနေဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြန်လည်ပြုလုပ်ကာ ရဲပုံရိပ်ဆိုးကို ဖယ်ရှားသင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အားကောင်းသော နိုင်ငံရေးကို အရလှမ်းနိုင်မည်ဖြစ်ပါတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly