မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော် အင်တာဗျူး

မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော် အင်တာဗျူး

"အဆောက်အဦးက လေးလံလာလေ၊ မြေငလျင်အားပိုများလာလေ နေတဲ့လူတွေအတွက် ပိုပြီးတော့ အန္တရာယ်များလာနိုင်တာပေါ့။ ဆိုတော့ အဲဒါလေးကိုတော့ ထည့်သွင်းစဉ်းစားဖို့ရှိတာပေါ့။"

မဇ္ဈိမပရိတ်သတ်ကြီး မင်္ဂလာပါ။ ဒီတစ်ပါတ် တွေ့ဆုံဆွေးနွေးသွားမယ့်သူကတော့ မြန်မာနိုင်ငံငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်ပဲ ဖြစ်ပါတယ်။

မေး - မင်္ဂလာပါဆရာ။ မြန်မာနိုင်ငံမှာ အဓိက ငလျင်ကြောရှိတဲ့ဒေသတွေက ဘယ်ဒေသတွေ ဖြစ်မလဲဆရာ။

ဖြေ - ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အဓိကအားဖြင့်ကတော့ အသိသာအထင်ရှားဆုံးနဲ့ နာမည်အကြီးဆုံးကတော့ စစ်ကိုင်းပြတ်ရွေ့ကြောလို့ ပြောတာပေါ့နော်။ ဒါပေမယ့်လည်း အဲဒီပြတ်ရွေ့ကြောနဲ့ နွယ်ပြီးတော့လည်း တခြားနေရာတွေမှာ ပြတ်ရွေ့ကြော အလတ်စား၊ အသေးစာလေးတွေ ရှိနေတာပေါ့။ မြန်မာနိုင်ငံအနေနဲ့ပြောရင်တော့ စစ်ကိုင်းလိုအလယ်ပိုင်းကတော့ သိသာတဲ့ ငလျင် Risk ရှိတယ်။ ကျန်တဲ့ အပိုင်းတွေကတော့ အနည်းနဲ့အများတော့ ရှိနေတာပါပဲ။ နေရာအနှံ့ပါပဲ။

မေး - မြို့ကြီးတွေအနေနဲ့ ရန်ကုန်ကရော ငလျင်နဲ့ပက်သက်ပြီး သတိထားရမယ့် အပိုင်းထဲမှာပါလားဆရာ။

ဖြေ - ရန်ကုန်အနေနဲ့လည်းပါပါတယ်။ ရန်ကုန်ကျတော့ ဘယ်လိုဖြစ်လဲဆိုရင် ကျွန်တော်တို့ သတိထားဖို့ ပြောတယ်ဆိုရင် နှစ်ပိုင်းရှိတာပေါ့နော်။ ငလျင်ရဲ့လှုပ်နိုင်မှုအခြေအနေရယ်၊ ပျက်စီးနိုင်မှု အခြေအနေရယ်ပေါ့။ ရန်ကုန်လိုနေရာမျိုးကတော့ ငလျင်ကြောနဲ့ သိပ်ပြီးတော့ မနီးမဝေးမှာရှိတယ်။ ဆိုတော့ ငလျင်အကြီးကြီး လှုပ်ခတ်နိုင်မှု အခြေအနေတော့ နည်းတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဆီမှာ ပျက်ဆီးနိုင်တဲ့ အခြေအနေတော့ ပိုများတာပေါ့။ ဆိုတော့ ရန်ကုန်လိုနေရာမျိုးကလည်း တော်တော်လေး သတိထားဖို့ ကောင်းတဲ့ ဦးစားပေး အဆင့်ထဲမှာရှိပါတယ်။

မေး - ဆရာက Structure အင်ဂျင်နီယာလည်းဖြစ်တော့ ရန်ကုန်က ကန်ထရိုက်တွေအကြောင်းကို နည်းနည်းလှည့်ချင်တယ် ဆရာ။ ရန်ကုန်က အခုဆောက်နေတဲ့ ကန်ထရိုက်တိုက်တွေက ငလျင်အန္တရာယ် ရှုထောင်ကကြည့်ရင် စိတ်ချရမှု၇ှိလားဆရာ။ ငလျင်မှာက ပြောလေ့ရှိတယ်။ ငလျင်ဖြစ်လို့ရှိရင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးတာ မဟုတ်ဘူး။ ဒီအဆောက်အအုံတွေကြောင့် ပျက်စီးဆုံးရှုံးတာလို့ ဆိုထားတာဆိုတော့ ရန်ကုန်မှာ လက်ရှိဆောက်နေတဲ့ အဆောက်အအုံတွေက ဘယ်လောက်ထိ အာမခံချက်ရှိလဲ မသိဘူး။

ဖြေ - အဲဒါကတော့ ဒီလိုရှိပါတယ်။ ငလျင်နဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့ ငလျင်ဆိုတာ အခုမှ လှုပ်တာမဟုတ်ဘူးလေ။ အရင်တုန်းကလည်း လှုပ်ခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါမျိုး ငလျင်လှုပ်ခဲ့တဲ့ အဆောက်အအုံတွေ ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ပေါ်ကနေပြီးတော့မှ ကျွန်တော်တို့က သင်ခန်းစာ ယူပြီးတော့ ပိုကောင်းအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီးတော့ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ။ အမှားအယွင်း အပျက်အစီးတွေထဲကပဲ ပြန်လေ့လာပြီးတော့ ပိုကောင်းသထက် ကောင်းအောင် ပြင်ပြင်လာတာပေါ့နော်။ အရင်တုန်းက အဆောက်အဦးတွေထဲမှာလည်း အခုထက်ထိ ခံနေတဲ့ ကောင်းနေတဲ့ အဆောက်အဦးတွေ အများကြီး ရှိနေပါတယ်။ နောက်တစ်ခု အဲဒီလိုခံအောင် ကျွန်တော်တို့က ဘာလုပ်လေ့ ရှိလဲဆိုတော့ ဒီအဆောက်အဦး နည်းနည်းပျက်သွားတဲ့အခါမှာ ပြန်ပြင်၊ နည်းနည်းပျက်သွားတဲ့အခါမှာ ပြန်ပြင် ဆိုလို့ရှိရင်လည်း ဒီအဆောက်အဦးတွေက ပိုပိုပြီးတော့ သက်တမ်းပိုရှည်လာတာပေါ့နော်။ အထူးသဖြင့်တော့ ပြောရလို့ရှိရင် ရှေးဟောင်းအဆောက်အဦးတွေ တွေ့နိုင်တယ်။ သာသနိက အဆောက်အဦးတွေ တွေ့နိုင်တယ်။ ဒါတွေဆိုလို့ရှိရင် ဟိုးအရင် ငလျင်အန္တရာယ်ခံနိုင်တဲ့ နည်းစနစ်တွေ မပေါ်ခင်ကတည်းက ဆောက်ခဲ့ကြတဲ့ အဆောက်အဦးတွေပဲ။ ဒါပေမယ့် ကျွန်တော်တို့ ထိန်းသိမ်းမှုကောင်းတယ်။ အဆောက်အဦးရဲ့ အခြေခံ ကောင်းတယ်ဆိုလို့ရှိရင် ဒါတွေက ခံနိုင်အောင် လုပ်လို့ရပါတယ်။ ဆိုတော့ တစ်ဖက်ကပြန်ပြောရရင် ကန်ထရိုက်တွေ ဆောက်သွားတဲ့ နှစ်အပိုင်းအခြားတွေ ရှိတယ်။ စစချင်း အစောပိုင်းကဆိုရင် ကျွန်တော်တို့ အရည်အသွေးကို သိပ်သတိမထားမိပဲနဲ့ ငွေသက်သက်သာသာနဲ့ အဆောက်အဦးပြီးအောင် ဆောက်ခဲ့ကြတဲ့ နှစ်အပိုင်းအခြားလေးတွေရှိတယ်။ အဲလောက်နှစ်အပိုင်းအခြားလေးတွေမှာ အရည်အသွေး အားနည်းကောင်း နည်းမယ်။ ဒါပေမယ့်လို့ အဲဒီအထဲကမှ တချို့ကောင်းကောင်းဆောက်တဲ့ အဆောက်အဦးတွေလည်း ပါပါတယ်။ နောက်တစ်ခုက အရည်အသွေး အလတ်စားပေမယ့် ပြန်ပြီးတော့ ပြုပြင်နိုင်တဲ့၊ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်တဲ့ အဆောက်အဦးတွေ ရှိနိုင်ပါတယ်။ အဲဒါမျိုးကျရင်တော့ အဆောက်အဦးကို ကြံ့ခိုင်အောင် စိတ်ချရအောင် လုပ်နိုင်တဲ့ အခြေအနေရှိတယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းကတည်းက အဆောက်အဦးကလည်း သိပ်မခိုင်ခန့်ဘူး၊ ထိန်းသိမ်းမှုအားလည်း နည်းတယ် ဆိုရင်တော့ အဲဒါမျိုး အဆောက်အဦးတွေက နည်းနည်းလေး စိုးရိမ်စရာကောင်းတာပေါ့။

မေး - အဆောက်အဦတွေဆောက်တဲ့အခါမှာ ဥပဒေတို့၊ ငလျင်ဒဏ်ခံနိုင်တဲ့၊ သဘာဝဘေးအန္တရာယ်ခံနိုင်တဲ့ အဆောက်အဦးမျိုးဆောက်ဖို့ ပြဌာန်းချက်တွေ ရှိလားဆရာ။

ဖြေ - အရင်တုန်းက ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ Building Codes ဆိုပြီးတော့ အဆောက်အဦး လိုက်နာရမယ့် စည်းမျဉ်းဆိုပြီးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဘာလုပ်ခဲ့လည်းဆိုတော့ အရင်တုန်းက လုပ်ငန်းတွေလုပ်တဲ့အချိန်မှာ၊ အဆောက်အဦးတွေဆောက်တဲ့ အချိန်မှာ ကမ္ဘာပေါ်မှာ အသုံးများတဲ့ စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေအောင် ဆောက်၊ ဆောက်ခဲ့ကြတာပဲလေ။ အခုကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ့် စည်းမျဉ်းမျိုးစပြီးတော့ ရေးဆွဲနေပြီ၊ ပြီးလည်းပြီးသွားပြီ။ သုံးဖို့လည်း အဆင်သင့်ဖြစ်နေပြီ၊ စမ်းသုံးတဲ့ အဆင့်ကို ရောက်နေပြီပေါ့နော်။ ကျွန်တော်တို့မှန်းတာတော့ ရှေ့နှစ်လောက်မှာ စပြီးတော့ သုံးနိုင်လိမ့်မယ်၊ တရားဝင်ပြဌာန်းနိုင်လိမ့်မယ်လို့ ထင်တယ်။ အဲဒါမျိုးဆိုတော့ အဲဒါကလည်း အစအဆုံး ပြန်ရေးဆွဲတာမျိုး မဟုတ်ပါဘူး။ အခုသုံးနေတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်အောင် တစုတစည်းတည်း ပြန်လုပ်တဲ့ သဘောမျိုးပါပဲ။

မေး - အခု ကျွန်တော်သိသလောက်ကတော့ အဆောက်အဦးဆောက်တဲ့အခါမှာ အခြေခံသတ်မှတ်တာတော့ ရှိမယ်။ စည်ပင်ကနေ သတ်မှတ်ထားတာပေါ့။ ဒါပေမယ့်လည်း အခုအဆောက်အဦးတွေ ဆောက်တဲ့အခါမှာ အင်ဂျင်နီယာမပါ ဘာမပါ ဖြစ်သလိုဆောက်နေကြတာတွေ့ရတယ်။ စောင့်ကြည့်မှုအားနည်းတယ်ပေါ့ဆရာ။ အဲဒီအပေါ်မှာ ဘယ်လိုမျိုး မှတ်ချက်ပေးမလဲ ဆရာ။

ဖြေ - ငလျင်က ရှိပါတယ်။ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ကျွန်တော်တို့ အကြံပေးချင်တာကတော့ ကျွန်တော်က အင်ဂျင်နီယာမို့လို့ အင်ဂျင်နီယာ အလုပ်များများ ရအောင်ပြောတာ မဟုတ်ပါဘူး။ ဒီငလျင်ရဲ့ သဘောသဘာဝကို သိထားပြီး ပုံမှန်ဆောက်နေတဲ့ အဆောက်အဦးကိုပဲ နည်းနည်းပိုပြီးတော့၊ ကုန်ကျစရိတ်လည်း သိပ်အများကြီးပိုမသွားပါဘူး။ ဒါပေမယ့်နည်းနည်းပိုပြီး သတိထားပြီးတော့ သူ့မှာ မဖြစ်မနေထည့်ရမယ့် အချက်လေးတွေကို ထည့်သွင်းပြီးတော့ တည်ဆောက်လိုက်တယ်ဆိုရင် အဆောက်အဦးရဲ့ ကြံ့ခိုင်မှုက အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဆိုတော့ ကိုယ့်ဟာကိုယ်ဆောက်တာထက် အင်ဂျင်နီယာမရှိဘူးဆိုရင်တောင်မှ မြေငလျင်အတွက် ခံနိုင်အောင် ဘယ်လိုမျိုးဆောက်ရင်ကောင်းမလဲ ဆိုတာမျိုးကို လေ့လာပြီးတော့ ဆောက်မယ်ဆိုရင် အဆောင်အဦးရဲ့ ကြံ့ခိုင်မှုက ပိုပြီးတော့ သိသိသာသာ ကောင်းလာနိုင်ပါတယ်။

မေး - ဆရာခုနက မေးခွန်းကို ပြန်ကောက်ရရင် ဥပဒေရေးဆွဲနေပြီ။ အဲဒီ ဥပဒေက ဘယ်လိုလူမျိုးတွေပါဝင် ရေးဆွဲနေတာလဲ။ ဘယ်လိုဆွဲနေတာလဲ။ ဘယ်လိုနည်းနဲ့ အဲဒီဥပဒေကို အသက်ဝင်အောင်ကြိုးစားသွားမှာလဲ။

ဖြေ - ကျွန်တော်တို့ ဒီအဆောက်အအုံ အခြေခံစည်းမျဉ်းကို စပြီးတော့ ရေးဆွဲခဲ့တာ ၂၀၁၁ စပြီးတော့ Idea စလုပ်တယ်။ စပြီးတော့ ၂၀၁၂ လောက်မှာ ကျွန်တော်တို့ Project တစ်ခုအနေနဲ့ စလိုက်တယ်။ အဲဒါကျတော့ United Nations Human Settlements Programme (UN Habitit) ကနေပြီးတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနဲ့ ပူးပေါင်းပြီးတော့ ဒီ Code ကို ဖြစ်လာအောင် Project လေးတစ်ခု လုပ်လိုက်တယ်ပေါ့။ တကယ်တမ်း ကျတော့ ဒီလုပ်ငန်းရဲ့ အဓိကဆောင်ရွက်တဲ့ အဖွဲ့အစည်းက၊ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းက ဆောက်လုပ် ရေးဝန်ကြီးဌာန ဖြစ်တယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေပြီးတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို ရေးဆွဲဖို့ ညှိနှိုင်းတယ်။ ညှိနှိုင်းတော့ UN Habitit ကနေ သူတို့က donor ရှာပြီးတော့ ပံ့ပိုးပေးတယ်။ ပံ့ပိုးပေးတော့ ဒီ Project က အကောင်အထည် ပေါ်လာတာပေါ့။ ပြီးတော့ ဘာဖြစ်သွားလည်းဆိုတော့ အင်ဂျင်နီယာအသင်းနဲ့ လုပ်တဲ့အတွက်ကြောင့် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တယ်။ ပြီးခဲ့တဲ့ သုံး၊ လေးနှစ်တုန်းက ဒီနှစ်မှာပဲ ဆုံးပါးသွားတဲ့ ဆရာကြီး ဦးသန်းမြင့်က Lead လုပ်ပြီး ဒါကို တခြားဆရာကြီးတွေ တော်တော်များပါတယ်။ ပါတဲ့သူဆိုလို့ရှိရင် ၁၀၀ ကျော်လောက်ရှိနေပြီ။ ဒီဆရာကြီးတွေ၊ ပါဝင်တဲ့သူတွေ စုပေါင်းပြီးတော့ ရေးဆွဲခဲ့တာပါ။ ဘာသာရပ်တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မေး -  ဘယ်တော့လောက် အသက်ဝင်အောင် ဘယ်လိုကြိုးပမ်းမလဲ ဆရာ။

ဖြေ - ကျွန်တော်တို့ အခုကတော့ ရေးဆွဲတဲ့အပိုင်း ပြီးသွားပြီ။ ဒီထဲမှာ အပိုင်းတွေ အများကြီးပါတော့ ညှိနှိုင်းတာနဲ့ ပြန်ပြီးတော့ အမှားပြင်တာပေါ့နော်။ အဲဒါမျိုး သေးသေးလေးတွေ ပြင်တဲ့အပိုင်းကို လုပ်နေပြီ။ နောက်တစ်ပိုင်းကတော့ ရေးဆွဲပြီးသွားတဲ့ မူကြမ်းကို ကျွန်တော်တို့က မိခင်ဌာနဖြစ်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ပြန်ပြီးတော့ တင်ပြပြီးသွားပြီ။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့မှ ဒါကို တရားဝင် ပြဌာန်းနိုင်ဖို့ ကို လွှတ်တော်ကို တင်ထားတဲ့အဆင့်၊ မေးမြန်းထားတဲ့ အဆင့် ရောက်နေပါပြီ။

မေး - ဒါက အခု မြန်မာနိုင်ငံမှာ လုပ်နေတာပေါ့နော်။ တခြားနိုင်ငံတွေမှာရော အများကြီးမဟုတ်ပါဘူး။ ကျွန်တော်တို့ အိမ်နီးချင်း ပတ်ဝန်းကျင် နိုင်ငံတွေမှာရော ငလျင်နဲ့ပက်သက်ပြီးတော့ အဆောက်အအုံတွေကို ဘယ်လိုမျိုး စီမံချက်တွေချထားလဲ။ အဲဒါနဲ့ ပက်သက်ပြီးတော့ ဘယ်လိုပြင်ဆင်နေလဲဆိုတာ နည်းနည်းလေး ပြောပြလို့ရမလား ဆရာ။

ဖြေ - ကျွန်တော်တို့ ဒီ Building Codes ကို ပြင်ဆင်တဲ့နေရာမှာ အဓိက အိမ်နားနီးချင်းနိုင်ငံတွေ ကြည့်တယ်။ နောက် အိန္ဒိယတို့၊ နောက် ကျွန်တော်တို့နဲ့ မြေငလျင် Risk ချင်းတူတဲ့ နီပေါတို့ ဘာတို့လည်း ကြည့်ပါတယ်။ နောက်ပြီးတော့ ဒီဘက်က စင်္ကာပူတို့၊ ယိုးဒယားတို့၊ မလေးရှားတို့ကိုလည်း ကြည့်ပါတယ်။ တော်တော်များများ နိုင်ငံတွေမှာတော့ Building Codes က လွန်ခဲ့တဲ့နှစ် ၁၀ နှစ်၊ အနှစ် ၂၀ လောက်ကတည်းက သူတို့က စပြီး ရှိထားပြီးသားပါ။ ဒါပေမယ့်လည်း မြေငလျင် Risk ထက်စာလို့ရှိရင်တော့ ကျွန်တော်တို့က အိမ်နားနီးချင်း နိုင်ငံတွေထက်တော့  ပိုများတာပေါ့။ ယိုးဒယားဆိုလို့ရှိရင်လည်း သူ့ Building Codes ထဲမှာဆိုရင် မြေငလျင်လှုပ်နိုင်ခြေဟာ တော်တော်လေး နည်းပါတယ်။ စင်္ကာပူဆိုလို့ရှိရင်လည်း နည်းပါတယ်။ အခုနောက်ပိုင်း သုံး၊ လေးနှစ်လောက်ကမှ စပြီးတော့ သူတို့တွေ မြေငလျင်အတွက်ကို ထည့်သွင်းစဉ်းစား တာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက ၂၀၀၂၊ ၂၀၀၃ လောက်ကတည်းက ကျွန်တော်တို့ အထပ်မြင့်ကော်မတီဆိုပြီး တည်ထောင်ပြီးတော့ ဒီမြေငလျင်ကိုလည်း အဲဒီကတည်းက ထည့်သွင်း စဉ်းစား တွက်ချက်ဖို့အတွက် right လုပ်ခဲ့ပါတယ်။ မြေငလျင်အတွက် movement မှာ ကျွန်တော်တို့ ပိုပြီးတော့ active ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

မေး - ဆရာ အခု ငလျင်နဲ့ပက်သက်ပြီးတော့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကျေနပ်မှုရှိလား။ ဘာတွေလိုအပ်ချက်ရှိလဲ။ အဲဒါလေးနဲ့ ပက်သက်ပြီးတော့ နည်းနည်းထောက်ပြပေးပါဦး။

ဖြေ - အခုလောလောဆယ်မှာတော့ အစိုးရရဲ့ frame work ချတာပေါ့နော်။ အစိုးရဆိုတာကလည်း အစိုးရလို့ပြောလို့ရှိရင် အာဏာပိုင် လို့ ပြောရမှာပေါ့နော်။ ရန်ကုန်ဆိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရှိမယ်။ နောက်ပြီး အထပ်မြင့်ကော်မတီတို့၊ ဘာတို့ရှိမယ်လေ။ သူတို့ frame work နဲ့ ထိန်းကျောင်းတဲ့အဆင့်ကတော့ ကောင်းပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဆိုလည်း သူတို့က သုံးလေးထပ်ဆောက်တဲ့ဟာကိုပဲ စောစောက ကျွန်တော်ပြောတဲ့ ဒီ မြေငလျင်ခံနိုင်တဲ့ အဆောက်အဦး တည်ဆောက်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်ကလေးတွေပါအောင် သူတို့က ထည့်သွင်း စဉ်းစားခိုင်းတာမျိုး ရှိတယ်။ တွက်ချက်မှုထဲမှာ ပါချင်မှပါမယ်။ ဒါပေမယ့်လို့ တည်ဆောက်တဲ့အချိန်မှာ ဒါမျိုးတွေ လိုက်နာပါဆိုပြီးတော့ ညွှန်ကြားတာမျိုးရှိတယ်။ အဲဒါမျိုး ပုံစံထဲမှာ ထည့်ပြီးရေးဆွဲခိုင်းတာမျိုးရှိတယ်။ ဆိုတော့ အဲဒါလေးတွေက ကောင်းတဲ့အချက်ပါ။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ လေးထပ်နဲ့ အထက် လောက်ဆိုရင် ပြန်ပြီးတော့ စိစစ်တဲ့ အစီအစဉ်လုပ်ထားတယ်။ review ကော်မတီတွေ ဘာတွေရှိတယ်။ အဲဒါကလည်း အနည်းနဲ့အများ အဆောက်အအုံရဲ့ အရည်အသွေးကို ထိန်းကျောင်းပြီးသားရှိနေတဲ့ဟာပေါ့။ ဆိုတော့ အဲဒီ frame work ဘက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီဘက်က လိုက်နာတဲ့ဘက်က ဒီ frame work ကို တကယ်လိုက်နာဖို့လည်း လိုသလို၊ ဒီ frame work ကို ရှောင်ပြီးမလုပ်ဖို့လည်း လိုပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ဆီမှာ ဒီလို အဆောက်အဦးအများစုက အထပ်မြင့်တွေချည်းပဲ မဟုတ်ဘူး။ လူနေလုံးချင်းတွေကလည်း အများစုဖြစ်တော့ လုံးချင်းတွေမှာလည်း မြေငလျင်ခံနိုင်အောင် တည်ဆောက်နိုင်ဖို့ အတွက်ကို အသိပညာပေးဖို့တော့ လိုနေသေးတာပေါ့။ အဲဒါကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီး ထိန်းကျောင်းမှုလည်းပါသလို လူတွေရဲ့ ပါဝင်မှုကလည်း အရေးကြီးမယ်လို့ ထင်ပါတယ်။

မေး - မြန်မာနိုင်ငံမှာ ငလျင်ပြင်းပြင်းထန်ထန်ကျရောက်နိုင်တဲ့ဒေသတွေမှာ အဲဒီကလူတွေအနေနဲ့ ဘာတွေကြိုတင် ပြင်ဆင်မှုလုပ်ထားသင့်လဲ၊ ကြိုတင်ကာကွယ်မှုတွေရော ဘာတွေလုပ်ထားသင့်လဲ၊ အကြံပေးပါဦး ဆရာ။

ဖြေ - ကျွန်တော်တို့ မြန်မာပြည်မှာ အဓိက အိမ်အများစုက အထူးသဖြင့် နယ်တွေမှာပေါ့။ အတော်များများ ၈၀ ရာခိုင်နှုန်းလောက်က သစ်အိမ်၊ ဝါးအိမ်တွေ ဖြစ်ကြပါတယ်။ အခုလောလာဆယ်ဆိုရင် သစ်အိမ်၊ ဝါးအိမ်တွေက မြေငလျင်မှာဆို သူက performance အရမ်းကောင်းပါတယ်။ သူက ပေါ့ပါးတယ်။ နောက်ပြီး နွဲ့နှောင်းတဲ့ အတွက်ကြောင့် အထိခိုက်နည်းတဲ့ အခြေအနေမျိုးရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ငလျင်လှုပ်တဲ့ အခါမှာ ပြင်းထန်ပေမယ့်လို့ ယှဉ်ကြည့်လိုက်တဲ့အခါ တခြားနိုင်ငံတွေလို အထိအခိုက်မများတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ စီးပွားရေးကောင်းလာတာကလည်း တစ်ကြောင်း၊ သစ်၊ဝါး ရှားလာတာကလည်းတစ်ကြောင်းကြောင့် တော်တော်များများ မြို့ငယ်လေးတွေမှာ စပြီးတော့ အုတ်နဲ့၊ ကွန်ကရစ်နဲ့ စပြီးတော့ တည်ဆောက်လာကြတာ တွေ့ရပါတယ်။ အဲဒါမျိုး တည်ဆောက်တဲ့အချိန်မှာတော့ ဘာဖြစ်လဲဆိုတော့ စောစောကလိုမျိုး မြေငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းစဉ်းစားရမယ့်အချက်လေးတွေ ထည့်ပြီးစဉ်းစားမှသာ ဒီအဆောက်အဦးက ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးမျိုး ဖြစ်မှာပေါ့နော်။ နို့မိုဆိုရင်တော့ အဆောက်အဦးက လေးလံလာလေ၊ မြေငလျင်အားပိုများလာလေ နေတဲ့လူတွေအတွက် ပိုပြီးတော့ အန္တရာယ်များလာနိုင်တာပေါ့။ ဆိုတော့ အဲဒါလေးကိုတော့ ထည့်သွင်းစဉ်းစားဖို့ရှိတာပေါ့။

မေး - အခုဆိုရင် အစိုးရလည်းပြောင်းတော့မယ်။ NLD ဦးဆောင်တဲ့ အစိုးရလည်းပေါ်လာမယ့် လက်ထက်မှာ ငလျင်နဲ့ပက်သက်ပြီး ဘာတွေမျှော်လင့်ထားလဲ။ သူတို့ကိုရော ဘာတွေလုပ်စေချင်လဲ။ ဘာတွေဖြစ်စေချင်လဲ ဆရာ။

ဖြေ - အဓိကက ကျွန်တော်တို့တိုင်းပြည်က ဆင်းရဲပါတယ်။ ဆင်းရဲတော့ ရှိတဲ့၊ သုံးစွဲတဲ့ အရင်းအနှီးကို အကျိုးရှိရှိကျွန်တော်တို့ သုံးချင်တယ်။ နောက်ပြီး သုံးတဲ့နေရာမှာလည်း အပျက်အစီးနည်းဖို့ လိုတာပေါ့နော်။ ဘာလုပ်ဖို့လိုလဲဆိုတော့ ကျွန်တော်တို့ မြို့၊ ရွာတွေကအစ လူထုရဲ့ပါဝင်မှုနဲ့ ကိုယ့်အိမ်၊ ကိုယ့်ယာ ဆောက်တဲ့ဟာတွေမှာ ရေရှည်တည်တံ့တာမျိုးကို ထည့်သွင်းစဉ်းစားပြီးတော့ ဆောက်တယ်။ နောက်တစ်ခါ ဘေးအန္တရာယ်နည်းမယ့်ဟာမျိုးကို ထည့်သွင်းစဉ်းစားပြီးတော့ ဆောက်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်၊ ဒီငလျင်ဆိုရင်လည်း သဘာဝဘေးအန္တရာယ်အကြီးထဲမှာ ပါတယ်ဆိုတော့ သဘာဝဘေးအန္တရာယ် ကျတဲ့အချိန်မှာ ကိုယ့်ရဲ့တစ်ပိုင်တစ်နိုင် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် လုပ်ခြင်းအားဖြင့် အများကြီးပျက်စီး ဆုံးရှုံးမှုကို လျော့ချနိုင်မယ်လို့ ထင်ပါတယ်။ ဆိုတော့ အဲဒါမျိုးဖြစ်ဖို့ဆိုရင် ဘာလုပ်ဖို့လိုမလဲဆိုတော့ လူတွေကို အသိပညာပေးဖို့၊ နောက်ပြီးတော့ ဒီလိုအသိပညာပေးတယ်ဆိုတာ အရေးကြီးတယ်ဆိုတာ သက်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း အလေးထားပေးဖို့ လိုတာပေါ့။ အဲဒါမျိုးလေးတွေလည်း ဖြစ်စေချင်ပါတယ်။

မေး - ဆရာ့အနေနဲ့ ဘာများထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာရှိပါသလဲ ဆရာ။

ဖြေ - ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒါမျိုးလုပ်တဲ့အတွက်ကြောင့် အသင်းစလုပ်တဲ့ ရည်ရွယ်ချက်ကိုက ဒီလိုဘေးအန္တရာယ်ရှိနိုင်တဲ့ဟာတွေကို လေ့လာမယ်။ အဲဒါတွေလျော့ပါးသွားအောင် ဘယ်လိုလုပ်လို့ရလဲ ဆိုတာ လေ့လာမယ်။ ပြီးရင် ဒါတွေကို ပြန့်ပွားအောင်လုပ်ဖို့ဆိုပြီး ရည်ရွယ်တာပါပဲ။ ခုလိုအင်တာဗျူးကနေ ပြောပြခွင့်ရတာကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ဒီလိုအစီအစဉ်မျိုး များများ ပေါ်ထွက်ဖို့လည်း မျှော်လင့်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly