ရေစကြိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်‌ကျောင်းမှ ကျပ်သိန်း ၃၀ ကျော်ကို စစ်ကောင်စီတပ် ဖောက်ထွင်းယူဆောင်သွား

By ဆာရှိမိ
21 November 2021
ရေစကြိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်‌ကျောင်းမှ ကျပ်သိန်း ၃၀ ကျော်ကို စစ်ကောင်စီတပ် ဖောက်ထွင်းယူဆောင်သွား

နိုတင်ဘာ ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျောက်ဖူးရွာ(၁)ရှိ ဗောဓိရိပ်သာဘုန်းကြီးကျောင်းက ပစ္စည်းများအားဖျက်ဆီး၍ ဘုရားငွေ၊ကျောင်းငွေ စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖောက်ထွင်းယူဆောင်သွားကြောင်း ဗိုလ်ဘီလုံးပြောက်ကျားအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၉ ရက် နေ့လယ် ၁၂ နာရီ၀န်းကျင်တွင် အဆိုပါ ဘုန်းကြီးကျောင်းသို့

ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးမှာ ၎င်းတို့ မရောက်ခင် အခြားနေရာသို့ တိမ်းရှောင်နိုင်ခဲ့ကြောင်း သိရသည်။

" မနေ့ နေ့လယ်က MG6 အဖွဲ့နဲ့ စကစတို့ အပြန်အလှန် မပစ်ခတ်ခင် တစ်ကြိမ်၊ ပစ်ခတ်နေတုန်း တစ်ကြိမ်၀င်မွှေတာ။ ကျောင်းထဲကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ပြီး ၀င်တယ်။ ဘုရားငွေ၊ ကျောင်းပြုပြင်ဖို့ငွေနဲ့ သာရေး၊နာရေးအတွက် အသုံးပြုဖို့ဖယ်ပြီး နှစ်နေရာ ခွဲသိမ်းထားတာ သိန်း ၃၀ ကျော်ရှိတယ် ။ စစ်ကောင်စီတပ်ကအကုန်ရှာဖွေပြီး ယူသွားတယ်။ အရင်ရက်က ဒီဘုန်းကြီးကျောင်းက စစ်ရှောင်တွေကို ကူညီပြီး ထမင်းချက်ပေးတာတွေ ဘာတွေသိလို့ မင်းရွာနဲ့ကျွဲကုန်းရွာက ဒလန်နှစ်ယောက်က လမ်းပြပြီး ဖျက်ဆီးခိုင်းတာ။ ဆိုင်ကယ်တွေ၊ ချက်ပြုတ်တဲ့ ဒယ်အိုးတွေ၊ဘုန်းကြီးပိုင် ဘီရို၊ ဆန်အိတ်တွေပါ တစ်ကျောင်းလုံးက ပစ္စည်းတွေ ဖျက်ဆီးသွားတာ"ဟု၎င်းကပြောသည်။

အဆိုပါ ကျောင်းသို့ စစ်ကောင်စီအင်အား ၅၇ ဦးခန့်ဖြင့် ၀င်ရောက်စီးနင်းခဲ့ခြင်းကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ နို၀င်ဘာလ ၂၀ ရက် နံနက်တွင် မီးလောင်ကျွန်းဘက်မှ ဖြုံဘူးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် မိနစ် ၃၀ ကျော်ကြာ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ထို့နောက် ဖြုံဘူးရွာအား သိမ်းပိုက်စခန်းချ၍ ဖြုံဘူးရွာ၏တောင်ဘက်ရှိ မိဖုရားရွာနှင့်ကျောက်ဖူးရွာအရှေ့ဘက်အနီးတစ်ဝိုက်သို့ စက်သေနတ်ဖြင့်အချက်‌ပေါင်း ၄၀ အထက် ချိန်ရွယ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းရှိရွာပေါင်း ၃၀ ကျော်အနက် ၂၅ ရွာခန့်ကို တစ်ရွာ၀င်တစ်ရွာထွက် ဝင်ရောက်စီးနင်းပြီး ရွာတစ်ရွာတွင် နာရီပိုင်းသာ စခန်းချကာ အနီးရှိ ရွာအချို့ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ် နေကြောင်း ဒေသခံများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required