သံဖြူဇရပ်/နိုဝင်ဘာလ (၂၁)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်နဲ ရေလယ် ဘုရားသို့ ဘုရားဖူးသွားသည့် စက်လှေ တစ်စီး နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းက တိမ်းမှောက်မှု ဖြစ်ပွားရာ ခရီးသည် ၁၅ ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မြို့ခံထံမှ သိရသည်။
"အလောင်းတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အကုန်လုံး ဆယ်ယူရရှိထားပါတယ် "ဟု သံဖြူဇရပ်မြို့ခံ တစ်ဦးက ပြောဆိုသည်။
ကျိုက်နဲရေလယ်ဘုရားသို့ ဘုရားဖူးလာသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံများ၏ ဘုရားဖူးစက်လှေ တိမ်းမှောက်ခြင်းဖြစ်ပြီး ရေတက်ချိန် လှေပေါ်သို့ ပြေးတက်ကြစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်း လှေပေါ်တွင် ခရီးသည်ဦးရေ ၄၀ တင်ဆောင်ထားပြီး လှေမှောက်ချိန်တွင် ၁၅ ဦး သေဆုံးကာ ကျန် ၂၅ ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အသက်ရှင်လျက် ကယ်တင်နိုင်ကြောင်း သိရသည်။