ကျောင်းလာမဖွင့်သည့် CDM ကျောင်းအုပ်ဆရာမ ၁ ဦးနှင့် ကျောင်းကော်မတီဝင် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွား

ကျောင်းလာမဖွင့်သည့် CDM ကျောင်းအုပ်ဆရာမ ၁ ဦးနှင့် ကျောင်းကော်မတီဝင် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွား

နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ကျောင်းလာမဖွင့်၍ ကျောင်းသားမိဘ၏ တိုင်ကြားမှုကြောင့် CDM ကျောင်းအုပ်ဆရာမတစ်ဦးနှင့် ကျောင်းကော်မတီဝင်နှစ်ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ဆည်ခေါင်းရွာ အ.မ.က ကျောင်းတွင် ကျောင်းအုပ်ဆရာမအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်မာလာထွန်းဆိုသူဖြစ်ပြီး အင်းပေါခုန်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက အဲ့ဒီကျောင်းအုပ်ဆရာမ နေထိုင်တဲ့ အင်းပေါခုန်ရွာက နေအိမ်ကို အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ ကျောင်းမဖွင့်လို့ တိုင်ထားတယ်ဆိုပြီး ပြောတယ်။ အဖမ်းခံရတဲ့ ကျောင်းအုပ်ဆရာမက အလုပ်ထွက်စာလည်း ကျထားပြီးသား။ နေပြည်တော်အထိ တိုင်ထားတာဆိုတော့ နေပြည်တော်ကို ခေါ်သွားပြီလို့ ကြားတယ်” ဟု ‌ဒေသခံတစ်ဦးကပြောသည်။

ကျောင်းသားမိဘတစ်ဦးက ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရန် ကျောင်းအုပ်ဆရာမကြီးကို လာပြောခဲ့ရာတွင် ၎င်းသည် အလုပ်ထွက်စာ ကျထားပြီး ဖြစ်ခြင်းကြောင့် တာဝန်မယူနိုင်ကြောင်း၊ ကျောင်းကော်မတီဝင်များနှင့်သာ ညှိနှိုင်းပြောကြားကြရန် ပြောဆိုလိုက်သည့်အကြောင်း ဒေသခံထံမှ သိရသည်။

ထို့နောက် ကျောင်းသားမိဘက ကျောင်းမဖွင့်သည့်ကိစ္စအပေါ် တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယင်းနေ့၌ပင် အဆိုပါကျောင်း၏ ကျောင်းကော်မတီဝင် အမျိုးသားနှစ်ဦးကိုလည်း ညောင်ရွှေမြို့နယ် နန်းပန်ဈေး၌ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံထံမှ သိရသည်။

“တစ်ယောက်ကို ဈေးမှာဖမ်းတယ်။ နောက်တစ်ယောက်က ဈေးလှေဆိပ်ကို လူလာပို့တုန်းမှာ ဖမ်းသွားတာ။ လာဖမ်းတဲ့ စစ်ကောင်စီအင်အားကများတယ်။ နန်းပန်ဈေးနေ့မှာ လာဖမ်းတာဆိုတော့ ဈေးလည်း ပျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ပိုင်း၊ နန်းပန်အုပ်စု နှင့် မိုင်းပျိုးအုပ်စု ကျေးရွာအုပ်စု နှစ်စုတွင် စာသင်ကျောင်း နှစ်ကျောင်းမှ လွဲ၍ အခြေခံပညာစာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ် သည်ဟု ဒေသခံကပြောသည်။

ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် စာရေးတစ်ဦးတည်းနှင့် ဖွင့်လှစ်သည့် စာသင်ကျောင်းများရှိသကဲ့သို့ ကျောင်းအုပ်ဆရာမတစ်ဦးတည်းနှင့်ဖွင့်လှစ်ပြီး ဆယ်တန်းအောင်ပြီးခါစ ကျောင်းသား ကျောင်းသူများကို စာပြန်သင်ခိုင်းနေသည့် စာသင်ကျောင်းများလည်း ရှိနေကြောင်း ဒေသခံများ ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required