ပြန်လည် ပြုပြင်မွမ်းမံလိုက်သည့် စစ်သည်ဗိမာန်အား အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ဖွင့်လှစ်

By NDTV
20 November 2021
ပြန်လည် ပြုပြင်မွမ်းမံလိုက်သည့် စစ်သည်ဗိမာန်အား အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ဖွင့်လှစ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း လာဒက်ဒေသ၏ ရီဇန်လာ မြို့တွင် ပြန်လည်ပြုပြင်မွမ်းမံထားသည့် စစ်သည်ဗိမာန်တစ်ခုအား နိုဝင်ဘာ ၁၈ ရက်က ကာကွယ်ရေးဝန်ကြီး ရာဂျာနက်ဆင်း တက်ရောက်ကာ ဖွင့်လှစ်ပေးလိုက်သည်။

လွန်ခဲ့သော ၅၉ နှစ်က ယင်းဒေသ၏ အမြင့်ပေ ၁၈၀၀၀ တောင်ပေါ်တွင် သမိုင်းဝင်တိုက်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ကာ အိန္ဒိယ တပ်ဖွဲဝင် ၁၀၀ ကျော်က တရုတ်တပ်ဖွဲ့ဝင်အများအပြားကို သေဆုံးစေခဲ့ပြီး ရွပ်ရွပ်ချွံချွံ ရဲစွမ်းသတိ္တကို ပြသခဲ့သည်။

ရီဇန်လာ တိုက်ပွဲသည် လွန်ခဲ့သော နှစ် ၆၀ က အိန္ဒိယနှင့် တရုတ်တို့အကြား စစ်ပွဲတွင် အိန္ဒိယစစ်တပ်က အကောင်းဆုံး တိုက်ရည်ခိုက်ရည်ကို ပြသနိုင်ခဲ့ကြောင်း များစွာ သတ်မှတ်ခံထားရသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီး ဆင်းက ယခုဗိမာန်သည် အိန္ဒိယစစ်တပ်၏ ခိုင်မာသော ဆုံးဖြတ်ချက်နှင့် ရဲဝံ့မှုကို ဖော်ပြနေကြောင်း၊ သမိုင်းစာမျက်နှာများတွင် အမြဲတမ်းထင်ကျန်နေမည်သာမက မိမိတို့ နှလုံးသားများတွင်လည်း အမြဲတမ်း ခုန်နေမည်ဟု ပြောကြားသည်။

ရီဇန်လာ စစ်ပွဲသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အခက်အခဲများဆုံးသော တိုက်ပွဲကြီး ၁၀ ခုအနက် တစ်ခုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

“သမိုင်းဝင် ရီဇန်လာ တိုက်ပွဲဟာ အမြင့်ပေ ၁၈၀၀၀ မှာ ဖြစ်ပွားတာကြောင့် ဒီနေ့ခေတ်မှာတောင် စဉ်းစားကြည့်ဖို့ တော်တော်ခက်ခဲပါတယ်။ ဗိုလ်မှူး ရှိုင်တန်ဆင်းနှင့် သူ၏ စစ်သည်များသည် နောက်ဆုံးကျည်ဆံ၊ နောက်ဆုံးအသက်ရှူသည်အထိ တိုက်ခိုက်သွားခဲ့ပြီး ရဲရင်မှုနှင့် စွန့်လွှတ်မှုတို့အတွက် သမိုင်းဝင် မျက်နှာစာများ ဖြစ်ခဲ့ပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

“လာဒက်ဒေသရဲ့ ရောက်ဖို့ မလွယ်ကူတဲ့ နေရာက ရီဇန်လာကို ရောက်ရှိပြီးနောက် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယစစ်သား ၁၁၄ ဦးတို့က စွန့်လွှတ်စွန့်စားမှု များစွာ လုပ်ဆောင်ခဲ့ပါတယ်” ဟု ဝန်ကြီး ဆင်းက သူ၏ တွစ်တာတွင် ရေးထားသည်။

ရီဇန်လာတိုက်ပွဲကို ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် နံနက် ၄ နာရီတွင် စတင်ခဲ့ကာ ည ၁၀ နာရီအထိ တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly