အစ္စလမ်မာဘတ်၌ ဟိန္ဒူဘုရားကျောင်းအတွက် မြေနေရာခွဲဝေသတ်မှတ်မှုကို ပါကစ္စတန်အာဏာပိုင်တို့ ပယ်ဖျက်

အစ္စလမ်မာဘတ်၌ ဟိန္ဒူဘုရားကျောင်းအတွက် မြေနေရာခွဲဝေသတ်မှတ်မှုကို ပါကစ္စတန်အာဏာပိုင်တို့ ပယ်ဖျက်

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလမ်မာဘတ်ရှိ မြို့ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (CDA) သည် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွက် မြေနေရာခွဲဝေသတ်မှတ်မှုကို ယခုအခါ ပယ်ဖျက်လိုက်ပြီ ဖြစ်ပြီး ယင်းသည် ဘာသာရေးလူနည်းစုများအပေါ် နောက်ထပ် ခွဲခြားဆက်ဆံမှု ဖြစ်စဥ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

အစောပိုင်းကာလက ဘုရားကျောင်းတစ်ခု၊ ရပ်ကွက်အသင်းတိုက်တစ်ခုနှင့် မီးသင်္ဂြိုလ်ရုံတစ်ခုတို့ တည်ဆောက်ရန်အတွက် ဟိန္ဒူအသိုင်းအဝိုင်းထံ မြေကွက်တစ်ခု ခွဲဝေသတ်မှတ် ချထားပေးခဲ့ကြောင်း ဒေသမီဒီယာသတင်းများအရ သိရသည်။

ယင်းနောက်တွင် ဘုရားကျောင်း ဆောက်လုပ်မှုအပေါ် မြို့ခံတစ်ဦးက ဆန့်ကျင်လျက် အယူခံဝင်ခဲ့သလို တချိန်တည်းမှာပင် မြို့အာဏာပိုင်တို့သည် ဖက်ဒရယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြေကွက် ခွဲဝေသတ်မှတ်မှုကို ပယ်ဖျက်ထားခဲ့ကြောင်း တရားရုံးရှေ့နေ ဂျာဗက် အစ်ခ်ဘဲလ်က ပြောသည်။

ဆောက်လုပ်မှု မပြီးစီးသေးပါက "အစိမ်းရောင် ဧရိယာများ" ရှိ မြေနေရာ ခွဲဝေသတ်မှတ်မှုအားလုံးကို ပယ်ဖျက်ရန် CDA ကို ဖက်ဒရယ် အစိုးရအဖွဲ့က ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် ဘာသာရေး လူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုဖြစ်စဥ်များ တစ်ဟုန်ထိုး မြင့်တက်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေချိန် ယခုကိစ္စ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လကလည်း ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်ရှိ ကိုထရီမြို့၌ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းကို မည်သူမည်ဝါမှန်း မသိရသူများက မွှေနှောက် ခိုးယူဖျက်ဆီးခဲ့ရာ ဒေသခံ ဟိန္ဒူများအကြား မကျေမချမ်းမှု လှိုင်းတစ်ခုကို ဖြစ်စေခဲ့သည်။

အဆိုပါ လူများက ဘုရားကျောင်းအတွင်းရှိ ရုပ်တုများကို ချိုးဖျက်ပြီးနောက် ငွေသားသိန်းချီနှင့် အဖိုးတန်ပစ္စည်းများကို ယူပြီး ထွက်ပြေးသွားခဲ့ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly