ဦးဖြိုးမင်းသိန်းထွက်ဆိုချက်ပေးသောအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူဒေါ်ဝေဝေသန်းကို သက်သေတင်သွင်း

ဦးဖြိုးမင်းသိန်းထွက်ဆိုချက်ပေးသောအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူဒေါ်ဝေဝေသန်းကို သက်သေတင်သွင်း

နိုဝင်ဘာ ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အဂတိအမှု လေးမှုရှိသည့် အနက် တစ်မှုအတွက် သူမ၏ အိမ်အကူဖြစ်သူ ဒေါ်ဝေဝေသန်းကို သက်သေအဖြစ်ထွက်ဆိုရန်ဆင့်ခေါ်သွားမည်ဟု ယနေ့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။

ထိုသို့ အိမ်အကူကို သက်သေဆင့်ခေါ်မည်ဆိုသည့် အမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား အကယ်ဒမီရွှေခုနှစ်ပိသာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ရသည်ဆိုသည့် အမှုအတွက်ဖြစ်သည်။

“ ဒီနေ့စစ်ဆေးမှုက အဂတိအမှုနှစ်မှုအတွက် လိုပြသက်သေကိုစစ်ဆေးတာ အရမ်းကြာတဲ့အတွက် ရုံးချိန်း တစ်ချိန်းအပြည့် စစ်ဆေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ရာကြီးအမှုအမှတ်(၂) အတွက် သက်သေတစ်ယောက်ထွက်ဆိုဖို့ တရားရုံးက ဆင့်ခေါ်တယ်။ တရားလိုဘက်က အိမ်အကူလုပ်နေတဲ့ ဒေါ်ဝေဝေသန်းကို သက်သေတင်သွင်းတယ်။ တရားသူကြီးက အဆင်ပြေတဲ့ အချိန်ကျရင် ဆင့်ခေါ်မယ်လို့ ဆုံးဖြတ်ချက်ချတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက စွဲဆိုထားသော အဂတိအမှုလေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့လေးဦးကို ယနေ့(နိုဝင်ဘာ ၁၉ )ရက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးသို့ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးထုတ်တွင် အမှုအတွက် မန္တလေးတိုင်းဒေသကြီးတရားရုံး တရားသူကြီးဦးမြင့်ဆန်းထံတွင် ကြားနာစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

တရားခွင်ကို နံနက် ၁၀ နာရီခွဲတွင် စတင်ခဲ့ရာ အဂတိမှုတစ်မှုဖြစ်သည့် ရာကြီးမှုအမှတ်(၃)တွင် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးမင်းသူတို့ သုံးဦးကိုစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဥတ္တရသီရိမြို့နယ်အတွင်း မြေဧက ၁၀၁ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း မြေဧက ၂၉ ဧက ချထားပေးသည်ဆိုသော အမှုအတွက် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က လိုပြသက်သေအဖြစ် အစစ်ဆေးခံခဲ့သည်။

ထို့နောက် အမှုလေးမှုစလုံးအား နိုဝင်ဘာ ၂၆ ရက်(သောကြာနေ့) သို့ ပြန်လည်ချိန်းဆိုထားသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုဖြင့် ထပ်မံစွဲဆိုထားသော အမှုတစ်ခုမှာ ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးသို့ ထပ်မံရောက်ရှိလာပြီဖြစ်ကြောင်း တရားသူကြီးက အသိပေး

ပြောကြားသည်။

ယင်းအမှုမှာ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၆၀) အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးခန်းအတွက် ကာလပေါက်ဈေးထက် လျော့ချငှားရမ်းခဲ့သည်ဟုဆိုကာ စွဲဆိုထားသော အမှုတစ်ခုဖြစ်ပြီး လက်ရှိ တွင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိအမှုလေးမှုဖြင့် တရားရင်ဆိုင်နေရာမှ တစ်မှုထပ်တိုးလာသည့်အတွက် ငါးမှုရင်ဆိုင်သွားရမည်ဖြစ်သည်။

ယင်းအမှုအား စတင်စစ်ဆေးရန် ဒီဇင်ဘာလ ၃ ရက် သို့ ထပ်မံချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required