ထိုင်ဝမ်ကို တရုတ် တိုက်ခိုက်ပါက အမေရိကန်နှင့် မဟာမိတ်များက အရေးယူမှုများ လုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By Taiwan News
19 November 2021
ထိုင်ဝမ်ကို တရုတ် တိုက်ခိုက်ပါက အမေရိကန်နှင့် မဟာမိတ်များက အရေးယူမှုများ လုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်ဝမ်ကို တရုတ်က အင်အားသုံးပါက အမေရိကန်နှင့် မဟာမိတ်များက အရေးယူမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က နယူးယောက်တိုင်းမ် သတင်းထောက်ကို နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ဘလင်ကင်က မည်သို့သော အရေးယူမှု ဖြစ်မည်ကို အတိအကျ မပြောကြားခဲ့ပေ။

ထိုင်ဝမ်က မိမိကိုယ်ကို ခုခံကာကွယ်ရန် နည်းလမ်းရှိခြင်းကို သေချာစေရန် ဝါရှင်တန်၏ ဥပဒေပိုင်းဆိုင်ရာ တာဝန်နှင့် ပတ်သက်သည့် အချက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

" ဒီကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားတာ ကျွန်တော်တို့ တစ်ယောက်တည်း မဟုတ်ဘူးလို့ ပြောရတာ တရားမျှတတယ်လို့ ထင်ပါတယ်" ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

“ဒေသတွင်းရော ပြည်ပမှာပါ နိုင်ငံအများအပြားက လက်ရှိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ နှောင့်ယှက်ဖို့ တစ်ဖက်သတ် အင်အားသုံးလုပ်ဆောင်မှုတွေကို မြင်တွေ့နေရပြီး ဒီလိုဖြစ်လာတဲ့အခါမှာလဲ အရေးယူမှာပါ” သူက ဆက်ပြောသည်။

ထိုင်ဝမ်ကို တရုတ်က အမှန်တကယ် တိုက်ခိုက်ခဲ့မည်ဆိုပါက အမေရကိန်က အရေးယူမည်ဟု အောက်တိုဘာ လတွင် သမ္မတဘိုင်ဒင်က အာမခံပြောကြားပြီးနောက် ထိုင်ဝမ်အပေါ် မဟာဗျူဟာ ဒွိဟဖြစ်မှုနှင့်ပတ်သက်၍ အမေရိကန်မူဝါဒ အသိုင်းအဝိုင်းအတွင်း အချေအတင်ဆွေးနွေးမှုများ အရှိန်အဟုန်ပြင်းလာခဲ့သည်။

အမေရိကန်နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ဥက္ကဌ ရစ်ချက်ဟားက အမေရိကန်၏ ကာကွယ်ရေး ကတိက ဝတ်ကို ပြတ်သားစွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး ယင်းက တရုတ်၏ တိုက်ခိုက်ခြင်းမှ ပိုမိုထိရောက်စွာ ဟန့်တားနိုင်မည်ဟု စောဒကတက်ခဲ့သည်။

သို့သော် တရုတ်ပြည်ဆိုင်ရာ အမေရိကန်သံအမတ်သစ် နီကိုလတ်ဘမ်းက အောက်တိုဘာလတွင် ထိုင်ဝမ်ရေလက်ကြားတွင် ဆယ်စုနှစ်များစွာ အမေရိကန်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားခဲ့ခြင်းကို ထောက်ပြကာ မဟာဗျူဟာမတည်မငြိမ်ဖြစ်မှုကို ထိရောက်သောမူဝါဒအဖြစ် မူဘောင်ချမှတ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required