ကိုဗစ် ကုသဆေးများကို အိန္ဒိယတွင် အသုံးပြုရန် မကြာမီ အတည်ပြုသွားဖွယ်ရှိ

ကိုဗစ် ကုသဆေးများကို အိန္ဒိယတွင် အသုံးပြုရန် မကြာမီ အတည်ပြုသွားဖွယ်ရှိ

ကိုဗစ်ရောဂါ ကူးစက်ခံရနိုင်သည့် အခြေအနေတွင်ရှိနေသော အရွယ်ရောက်သူများအနေဖြင့် ဆိုးရွားသော ရောဂါလက္ခဏာများ သို့မဟုတ် ဆေးရုံသို့ တက်ရောက်ကုသရခြင်းတို့ မဖြစ်စေရန် သောက်ဆေးကိုလည်း အသုံးပြုနိုင်သည်။

သို့သော် အဆိုပါ ကိုဗစ် သောက်ဆေးသည် ကာကွယ်ဆေးအစားထိုး မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

ဗြိတိန်နိုင်ငံတွင် အတည်ပြုထားသော ကမ္ဘာ့ပထမဆုံး ကိုဗစ်ရောဂါကုသသည့် သောက်ဆေးဖြစ်သော Molnupiravir အမျိုးအစား အဆိုပါ သောက်ဆေးဖြင့် စမ်းသပ်ကုသမှုများကို အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးဌာန (DCGI) က နိုင်ငံတွင်း အရွယ်ရောက်သူများအတွက် အသုံးပြုနိုင်ရန် ပြန်လည်စစ်ဆေးလျက်ရှိသည်။

Merck Sharp Dohme (MSD) နှင့် Ridgeback ကုမ္ပဏီတို့မှ ထုတ်လုပ်သည့် အဆိုပါ ကိုဗစ်ကုသဆေးကို Molnupiravir အမည်ဖြင့် ထုတ်လုပ်သွားမည်ဟု Merck နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုထားသည့် အိန္ဒိယနိုင်ငံမှ Sun Pharmaceutical Industries က ကြေညာထားသည်။

“MSD နဲ့ Ridgeback က Molnupiravir ဆေးကို ဗြိတိန်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုလိုက်ခြင်းဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကုသဆေးအသစ်တွေ ရရှိဖို့ မိမိတို့အနေနဲ့ အဆက်မပြတ်ကြိုးပမ်းနေတာကြောင့် Molxvir ဆေးကို အိန္ဒိယက လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေ DCGI က အတည်ပြုပေးတဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု Sun Pharma India Business ၏ အမှုဆောင်အရာရှိချုပ် ကာတီဂန်နော်ကာက ပြောကြားသည်။

အဆိုပါ ဆေးဝါးနှင့် ပတ်သက်၍လည်း အမေရိကန်က အချက်အလက်များကို စစ်ဆေးလျက်ရှိသည်။

Molxvir ဆေးကို ကိုဗစ်ရောဂါ လက္ခဏာများ စတင်ဖြစ်ပေါ်သည့် အစောပိုင်းရက်များတွင် သောက်သုံးနို်ငသည်။ မော်လီကျူးအရွယ်အစား သေးငယ်သောကြောင့် အဆိုပါဆေးကို RNA ကာကွယ်ဆေးကဲ့သို့ အအေးခန်းတွင် ထားရန် မလိုပေ။

Merck ကုမ္ပဏီ၏ စမ်းသပ်မှုအဆင့် ၃ အရ ယခုသောက်ဆေးသည် ဆေးရုံသို့ တက်ရောက်ကုသရခြင်းနှင့် သေဆုံးမှု မဖြစ်စေရန် ၅၀ ရာခိုင်နှုန်း လျှော့ချနို်ငသည်။ ဆေးဝါးစမ်းသပ်မှုတွင် ကုသခံခဲ့သူများ၏ ဗိုင်းရပ်စ်အချက်အလက်များကို လေ့လာမှုအရ (ပါဝင်သူ ၄၀ ရာခိုင်နှုန်းခန့်) Molnupiravir ဆေးသည် Gamma၊ Delta နှင့် Mu ဗိုင်းရပ်စ်မျိုးကွဲများကိုလည်း ထိရောက်စွာ ကုသနိုင်ကြောင်း တွေ့ရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required