မန္တလေးမြို့ ဧရာ၀တီမြစ်ကမ်းနံဘေးရှိ ကျူးကျော်အိမ်များကို ရှင်းလင်းမည်ဟု ညွှန်ကြား၊ မြစ်အမှီပြုနေထိုင်သူများ အခက်တွေ့

မန္တလေးမြို့ ဧရာ၀တီမြစ်ကမ်းနံဘေးရှိ ကျူးကျော်အိမ်များကို ရှင်းလင်းမည်ဟု ညွှန်ကြား၊ မြစ်အမှီပြုနေထိုင်သူများ အခက်တွေ့

နိုဝင်ဘာ ၁၆

မန္တလေးမြို့၊ ဧရာ၀တီမြစ်ကမ်းနံဘေးကျူးကျော်နေထိုင်သူများအား လာမည့် နို၀င်ဘာ ၁၇ရက်တွင် စစ်ကောင်စီက အင်အားသုံးရှင်းလင်းရန်ညွှန်ကြားထားသဖြင့် နှစ်ပေါင်းများစွာ မြစ်အမှီပြုနေထိုင်လာကြသူများ အခက်အခဲ ဖြစ်နေကြကြောင်း လက်ရှိနေထိုင်သူများထံမှ သိရသည်။

“ကျူးကျော်တွေ မနက်ဖြန် ဆက်နေ နေတာတွေ့ရင် ပစ်သတ်ခံရမယ်ဆိုပြီး လာပြောတယ်။ နောက်ရက် မမြင်ချင်ဘူးတဲ့။ ရာသီဥတုက အေးလာပြီ။ နောက်ပြီးတော့ သွားစရာနေရာလည်း မရှိဘူး။ ထမင်းငတ် တစ်လှည့် ပြတ်တစ်လှည့်ကနေ အခုနေစရာပါ မရှိတော့တဲ့ ဘဝရောက်ပြီ” ဟု ဧရာ၀တီမြစ်ကမ်းဘေး နှစ်ပေါင်းသုံးဆယ်ကျော် နေထိုင်လာခဲ့သူ တစ်ဦးကပြောသည်။

မန္တလေးမြို့ အနောက်ဘက် ဧရာ၀တီမြစ်ကမ်းနားဘေး တစ်လျှောက်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြစ်အမှီပြု အသက်မွေး၀မ်းကျောင်းကြသူများ နေထိုင်ကြသည်။

မြစ်ကမ်းဘေး တစ်လျှောက်ရှိ အချို့နေရာများကို ယခင် အရပ်သား အစိုးရလက်ထက်က အငှားအိမ်ရာစီမံကိန်းဖြင့် တိုက်ခန်းများ ဆောက်လုပ်နေထိုင်စေပြီး နောက်ထပ် စီမံကိန်းအိမ်ရာများဖော်ဆောင်ရန် စီစဉ်ခဲ့သည်။

“လာနှင်ထုတ်တဲ့လူက ရပ်ကွက်လူကြီးလို့တော့ ပြောတာပဲ။ ကျွန်တော်တို့နေတုန်းကလည်း အဲဒီရပ်ကွက်လူကြီးတွေကိုပဲ ပိုက်ဆံပေးပြီး နေခဲ့ကြတာပါ။ အရင်အစိုးရ လက်ထက်တွေတုန်းကတော့ မီဒီယာတွေကလည်း ကျွန်တော်တို့ဘက်ကနေ ကူပေးကြတော့ အခုလို ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဖူးဘူး။ အခုကတော့ ဒုက္ခ ရောက်ကြရုံရှိတာပေါ့ဗျာ" ဟု ကျူးကျော်တစ်ဦးကပြောသည်။

မနက်ဖြန် ဖယ်ရှားရှင်းလင်းမည့် အစီအစဉ်တွင် ကမ်းနားလမ်း မြစ်ကမ်းဘေး တစ်လျှောက်ကျူးကျော် နေထိုင်သူများအပြင် မန္တလေးမြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်းက ကျူးကျော်နေထိုင်ကြသူများလည်း ပါ၀င်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly