အာဖဂန်နစ္စတန်၌ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အသတ်ခံနေရမှု ကုလ စိုးရိမ်ပူပန်

By Latestly
16 November 2021
အာဖဂန်နစ္စတန်၌ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အသတ်ခံနေရမှု ကုလ စိုးရိမ်ပူပန်

အာဖဂန်နစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေး ခုခံကာကွယ်သူများ အသတ်ခံနေရသည့် ဖြစ်စဥ်များနှင့် ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ၏ အကူအညီပေးရေး မစ်ရှင် (UNAMA) က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ဖော်ခဲ့သည်။

"လူ့အခွင့်အရေး ခုခံကာကွယ်သူတွေဖြစ်ကြတဲ့ မာဇာ-အီ-ရှာရစ်မြို့က ဖရိုဇန် ဆာဖီနဲ့ ဂျလာလာဘတ်မြို့က ဟီဂျ်ရာတူလာ ခိုဂျန်နီတို့ အသတ်ခံရတဲ့ သတင်းတွေအပေါ် UNAMA အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်၊ ဒီဖြစ်စဥ်တွေနဲ့ပတ်သက်လို့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ချက်ချင်းလုပ်ဆောင်ဖို့ ကုလဘက်က တောင်းဆိုပါတယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ ပစ်မှတ်တစ်ခု မဟုတ်ပါဘူး၊ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ခတ်မခံရတာကတော့ ဖြစ်သင့်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး" ဟု UNAMA က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

အာဖဂန်နစ္စတန်မြောက်ပိုင်း ဘော့ခ်ပြည်နယ် မာဇာ-အီ-ရှာရစ်မြို့တွင် အမျိုးသမီး တက်ကြွလှုပ်ရှားသူလေးဦး အသတ်ခံရသည့် သတင်းများ ထွက်ပေါ်ပြီးနောက် UNAMA ၏ ထုတ်ပြန်ချက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်တွင် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ထားခဲ့သည့်၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့ကြသည့် အမျိုးသမီးလေးဦးကို မည်သူမည်ဝါမှန်း မသိရသော လူများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသတင်းအေဂျင်စီ Sputnik က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် သြဂုတ်လက ယခင်အစိုးရပြုတ်ကျပြီး တာလီဘန်တို့ ထိန်းချုပ်ခဲ့ပြီးနောက် အမျိုးသမီးများအပေါ် အမျိုးမျိုးသော အကြမ်းဖက်မှုဖြစ်စဥ်များ ထွက်ပေါ်ထားခဲ့သည်။

ကမ္ဘာတဝန်းမှ ထပ်တလဲလဲ တိုက်တွန်းတောင်းဆိုမှုများ ရှိလင့်ကစား တာလီဘန်တို့သည် အမျိုးသမီးများ၏ လုံခြုံရေးနှင့် အားလုံးပါဝင်သော အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဆိုသည့် ၎င်းတို့၏ ကတိကဝတ်များအတိုင်း လိုက်နာရန် ပျက်ကွက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly