ပါကစ္စတန်တာလီဘန်အဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးသော်ငြား လက်နက်ချရန် စောလွန်းနေသေးဟု ပြော

ပါကစ္စတန်တာလီဘန်အဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးသော်ငြား လက်နက်ချရန် စောလွန်းနေသေးဟု ပြော

ပါကစ္စတန်နိုင်ငံရှိ ပိတ်ပင်တားမြစ်ခံ ပါကစ္စတန်-တာလီဘန်အဖွဲ့ Tehreek-e-Taliban Pakistan (TTP) က အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်ခဲ့စဥ်အတွင်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် လက်နက်ချအညံ့ခံရန် "အင်မတန် စောလွန်းနေသေးကြောင်း" ပြောကြားခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သည့် ပါကစ္စတန် Tehreek-e-Insaf (PTI's) အစိုးရသည် TTP အဖွဲ့ကို လက်နက်ချ၊ အညံ့ခံရန် တောင်းဆိုခဲ့သည်ဟု အာဖဂန်တာလီဘန်အုပ်စုတွင်း သတင်းရင်းမြစ်များက ပြောကြောင်း The News International က ဖော်ပြသည်။

သို့ရာတွင် TTP အဖွဲ့သည် လိုချင်သည့် အပစ်ရပ်စဲမှုမတိုင်မီ အကျဥ်းကျနေသည့် ၎င်းတို့အဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးအတွက် အစိုးရကို တောင်းဆိုခဲ့ကာ လက်နက်ချရန်မှာမူ "အရမ်းစောလွန်းနေသည်" ဟု ပြောခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများအတွင်း ပိတ်ပင်ခံ TTP အဖွဲ့ဘက်မှ အဖွဲ့၏ အကြီးအကဲ မက်ဖ်တီ နိုအာ ဝါလီက ဦးဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြောင်း The News International က ဖော်ပြသည်။

ပိတ်ပင်ခံ TTP အဖွဲ့၏ ဂိုဏ်းခွဲတချို့က ပါကစ္စတန်အစိုးရနှင့်အကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန် ထောက်ခံသော်လည်း အခြားဂိုဏ်းခွဲများမှာမူ တရားသေအယူ စွဲကိုင်သည့် ချဥ်းကပ်လုပ်ဆောင်မှုကို ဆက်လက် ကိုင်စွဲထားဆဲဖြစ်သည်ဟု ၎င်းတို့က ပြောခဲ့သည်ဟု သိရသည်။

အာဖဂန်နစ္စတန်တွင် မြန်မြန်ဆန်ဆန် ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေ နောက်ခံအကြောင်းတရားတစ်ခု ရှိနေစဥ် ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံတွင်း တည်ငြိမ်မှု ရရှိရေး ကြိုးပမ်းလျက်ရှိရာ ပိတ်ပင်ခံ TTP အဖွဲ့၏ ဂိုဏ်းခွဲတချို့နှင့်အကြား လက်နက်ဖြုတ်သိမ်းရေး ဆွေးနွေးမှုများ လုပ်ထားခဲ့ကြောင်း ဝန်ကြီးချုပ် ခန်းက ပြီးခဲ့သည့်လက ဝန်ခံခဲ့သည်။

ပြီးခဲ့သည့်လ အစောပိုင်းကလည်း တောင်ပိုင်း ဝါဇီရစ္စတန်ဒေသရှိ TTP ၊ ပါကစ္စတန် တိုက်ခိုက်ရေးသမားများနှင့် စစ်တပ်တို့အကြား တိုက်ခိုက်မှုများ ရပ်နားထားကြောင်းကို တားမြစ်ခံ အဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် ကြေညာထားခဲ့ကြောင်း The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly