တရုတ်က အမေရိကန်ကို မလေးစားတော့ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြောကြား

တရုတ်က အမေရိကန်ကို မလေးစားတော့ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြောကြား

ဂျိုးဘိုင်ဒင်၏ အစိုးရသည် ထိရောက်မှု မရှိသလို တရုတ်ကလည်း အမေရိကန်ကို မလေးစားတော့ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်ဟု မီဒီယာသတင်းများတွင် ဖော်ပြလျက်ရှိသည်။

သမ္မတဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့အကြား ဒုတိယအကြိမ်မြောက် ဖုန်းဖြင့် ဆက်သွယ်မှုကို စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ရာတွင် နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် ယှဉ်ပြိုင်မှုကို တာဝန်ရှိစွာဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ရှင်းလင်းပြောကြားခဲ့သည်ဟု Fox News သတင်းတွင် ဖော်ပြထားသည်။

သို့သော် ဘိုင်ဒင်၏ အစိုးရသည် ထိရောက်မှု ရှိသည်ဟု မထင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

“တရုတ်ကို ပြောတာ နည်းလမ်းမှန်တယ်လို့ မထင်ဘူး။ အားနည်းချက်တွေ ရှိနေတယ်။ ကျွန်တော်တို့ဘက်က အားနည်းချက်တွေကို ပြနေတယ်” ဟု ထရမ့်၏ ပြောကြားချက်ကို Fox News သတင်းတွင် ဖော်ပြထားသည်။

“ကျွန်တော် သမ္မဖြစ်တုန်းက တရုတ်က အမေရိကန်ကို လေးစားပါတယ်။ အခုတော့ မလေးစားတော့တာ အလွန်ဝမ်းနည်းစရာကောင်းတယ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က သူ့အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်ဝင်ရန် စဉ်းစားနေသော်လည်း ၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလအထိ တရားဝင်ကြေညာရန် စောင့်ဆိုင်းနေကြောင်းလည်း ပြောကြားသည်။

“ကျွန်တော် ဒါကို သေသေချာချာ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ ပြန်တွေ့ကြမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူအများအပြားက အလွန်ပျော်ရွှင်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲပြီးမှပဲ တရားဝင် ထုတ်ပြန်ကြေညာပါမယ်” ဟု လည်း ထရမ့်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly