ထိုင်ဝမ်အနီးတွင်တရုတ်စစ်တပ် ကင်းလှည့်

ထိုင်ဝမ်အနီးတွင်တရုတ်စစ်တပ် ကင်းလှည့်

ထိုင်ဝမ်ရေလက်ကြားအနီးတွင် တရုတ်စစ်တပ်က တိုက်ပွဲဝင်ပုံစံ ကင်းလှည့်ခြင်းကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်ခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ်များနှင့် ကိုယ်စားလှယ်အဖွဲ့များ တင်ဆောင်လာသည့် အမေရိကန် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ထိုင်ဝမ်သို့ နိုဝင်ဘာ ၈ရက်က ရောက်ရှိခဲ့ချိန်တွင် ယခု စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တပ်ပေါင်းစု ပူးပေါင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် PLA အရှေ့ပိုင်း တပ်ပေါင်း စု ဌာနချုပ်သည် ထိုင်ဝမ်ရေလက်ကြားအနီးတွင် ပူးတွဲတိုက်ပွဲဝင်သည့်ပုံစံ ကင်းလှည့်မှုကို ပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ လေယာဉ် ၆ စင်းဖြစ်သည့် J-16 ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-8 ကင်းထောက်လေယာဉ် ၁ စင်းနှင့် Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် ၁ စင်းတို့သည် နိုဝင်ဘာ ၈ရက်တွင် ထိုင်ဝမ်၏အနောက်တောင် လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်ကို ထိုင်ဝမ်အမေရိကန်သံရုံးအဖြစ် ဆောင်ရွက် နေသည့် ထိုင်ဝမ်ရှိ အမေရိကန် အင်စတီကျူမှ စီစဉ်ပေးခြင်းဖြစ်ကြောင်း The Taiwan Focus က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချုခိုချန်းက တရုတ်က ထိုင်ဝမ်အား ၂၀၂၅ခုနှစ်တွင် အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ရန် စီစဉ်ထားနိုင်ကြောင်း အောက်တိုဘာလတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly