CDM စစ်သားများစု၍ စစ်လက်နက် ထုတ်မည်

CDM စစ်သားများစု၍ စစ်လက်နက် ထုတ်မည်

နိုဝင်ဘာ ၁၅

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စစ်သားများက စစ်လက်နက် ထုတ်လုပ်မည့် Project A1 ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

စစ်လက်နက် ပစ္စည်းများကို ဈေးနှုန်း အဆမတန် ပေးဝယ်နေရသည့် ကုန်ကျမှုများ သက်သာစေရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လက်နက်တွေကို အဆမတန် ဈေးပေးဝယ်ယူနေရတာထက် ကိုယ်တိုင် ဖန်တီးယူတဲ့ နည်းလမ်းက ရေရှည်အတွက် ပိုမိုသင့်လျော်ပါတယ်။ Project A1 ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ Project A1 ဟာ ဝယ်ယူစရိတ်ထက် ခြောက်ဆ သက်သာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ခဲ့ရင် ကျပ်သိန်း ၆,၀၀၀ ကုန်မယ်နေရာမှာ ကျပ်သိန်း ၁,၀၀၀ ခန့်သာ ကုန်ကျတော့မှာ ဖြစ်ပါတယ်" ဟု ပြည်သူ့စစ်သား စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

Project A1 ကို တပ်မတော် နည်းပညာ တက္ကသိုလ်ဆင်း CDM စစ်သားများနှင့် PDF များ ပူးပေါင်း အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

ယခုလုပ်ဆောင်မှု အောင်မြင်ပါက NUG က ချမှတ်ထားသော ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာသည့် တပ်ဖွဲ့ဝင်များထံ လက်နက်များ ဖြန့်ဝေသွားမည်ဟု ဆိုသည်။

လက်ရှိ Project A1 ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာ ရှိနေသော်လည်း ရင်ဆိုင်ကျော်ဖြတ် သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly