နေရာ ၄ ခုတွင် ဖောက်ခွဲရေးပြုလုပ်ပြီးနောက် အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းကြောင်း ကြေညာ

နေရာ ၄ ခုတွင် ဖောက်ခွဲရေးပြုလုပ်ပြီးနောက် အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းကြောင်း ကြေညာ

နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်ရှိ နေရာ လေးနေရာတွင် ဖောက်ခွဲရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အင်းတ‌ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အင်းတကော် PDF)ကို ဖွဲ့စည်းလိုက်ပြီဟု ယင်းအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဖောက်ခွဲရေးလုပ်ငန်းများကို အောက်တိုဘာလ ၁၂ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်တွင် အင်းတကော် PDF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၄ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အင်းတကော်ထွေအုပ်ရုံး၊ ထောက်ပို့တပ်ဂိတ်နှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၇နာရီ မိနစ် ၃၀ခန့်တွင် ရပ်ကွက်(၁)စိန်ကုန်း အုပ်ချုပ်ရေးမှူးရုံးတို့ကို အထိအခိုက်မရှိ သတိပေးဖောက်ခွဲခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအား အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် အနိုင်ကျင့် နှိပ်စက်လျက်ရှိသည့်အပေါ် အကာအကွယ်ပေးနိုင်ရန်အတွက် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အင်းတကော်မြို့နယ်အတွင်းရှိ လူငယ်၊လူရွယ်များဖြင့် ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် ဒလန်များအားတိုက်ခိုက်ရာတွင် (NUG/CRPH)တို့၏ လမ်းညွှန်ချက်များနှင့်အညီ လက်တွေ့မြေပြင်တွင် လုပ်ဆောင် လျက်ရှိသော တော်လှန်ရေးရဲဘော်ညီနောင်များနှင့် လက်တွဲ ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် အင်းတကော် PDFကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အင်းတကော် PDF အနေဖြင့် စစ်ကောင်စီနှင့် အာဏာရူးစစ်ကောင်စီလက်ပါးစေ ဒလန် များအားတိုက်ခိုက်ရာတွင် အများပြည်သူနှင့်သက်ဆိုင်သည့် ကျောင်း၊ဆေးရုံ အစရှိသကဲ့သို့သော အများပြည်သူကို ထိခိုက်စေနိုင်မည့် နေရာများအား တတ်နိုင်သမျှ ရှောင်ရှားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီနှင့် သက်ဆိုင်သောနေရာများ၊ စစ်ကောင်စီဒေါက်တိုင်ဒလန်များနှင့် နီးနီးကပ်ကပ်နေခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကူညီကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required