ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်အပြင်ဘက်၌ အမျိုးသမီးများ ထိုင်သပိတ်ဆင်နွှဲ

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်အပြင်ဘက်၌ အမျိုးသမီးများ ထိုင်သပိတ်ဆင်နွှဲ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဇောက်ဘ်မြို့မှ အမျိုးသမီးများသည် ၎င်းတို့မြို့၌ အမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရမှုနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန်အတွက် နိုဝင်ဘာ ၈ ရက်က ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်အပြင်ဘက်တွင် ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြအမျိုးသမီးများသည် ၎င်းတို့၏ တောင်းဆိုချက်များ ရေးထိုးထားသည့် ဆိုင်းပုဒ်များ၊ စာတန်းများ ကိုင်ဆောင်လျက်ဖြင့် ယင်းနေ့က အနီရောင်ဇုန်ရှိ ပြည်နယ်ဝန်ကြီးချုပ်နေအိမ်သို့ ရောက်ရှိခဲ့ကြသည်။ ထိုအနီရောင်ဇုန်တွင် ဆန္ဒပြမှု သို့မဟုတ် ထိုင်သပိတ်ဆင်နွှဲမှုကို ခွင့်ပြုထားခြင်း မရှိပေ။

ထိုင်သပိတ်တွင် ပါဝင်ခဲ့သူများက ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြပြီး ရဲများသည် ရိုဇီ ဘီဘီ အမည်ရ အမျိုးသမီးတစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဇောက်ဘ်မြို့ရှိ သြဇာကြီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ အမိန့်အရ ယင်းကဲ့သို့ နှိပ်စက်မှုများ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။

"နိုင်ငံရေးခေါင်းဆောင်နဲ့ ဒေသအာဏာပိုင်တွေ စိတ်ကျေနပ်စေဖို့အတွက်နဲ့ ပထမသတင်းပေးတိုင်ကြားချက်တစ်ခုမှာ စာရင်းသွင်းထားတဲ့ ရဲတွေက ဒီအမျိုးသမီးနဲ့ သူမရဲ့ မျိုးနွယ်စုဝင်တချို့အပေါ်မှာ လူမဆန်တဲ့ ပြုမူဆက်ဆံမှုတွေ လုပ်ခဲ့တာပါ၊ ဒီအပေါ်မှာ ကျွန်မတို့ ဆန့်ကျင်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်" ဟု ထိုင်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် ဆန္ဒပြအမျိုးသမီးတစ်ဦးဖြစ်သည့် ဆာရာ မန်ဒေါ့ခ်ဟေးလ်က ပြောသည်။

ညှင်းပန်းနှိပ်စက်ခံ အမျိုးသမီး၏ အခြေအနေသည် မကောင်းလှကြောင်း သူမက ပြောသည်။ ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ဘာလိုချီစတန် ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိပြီး ပါဝင်ပတ်သက်သူများကို အရေးယူမှု လုပ်ဆောင်ပေးရန် သူမက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly