ချင်းပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဒုက္ခသည်များကို အရေးပေါ်စီမံချက်ရေးဆွဲကူညီရန် UNHCR ထံ တောင်းဆို

By ပါခွီး
13 November 2021
ချင်းပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဒုက္ခသည်များကို အရေးပေါ်စီမံချက်ရေးဆွဲကူညီရန် UNHCR ထံ တောင်းဆို

နိုဝင်ဘာ ၁၃

ချင်းပြည်နယ်အတွင်း နေရပ်ရွှေ့ပြောင်း သွားလာနေထိုင်နေရသူများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် နယ်စပ်နှင့် နယူးဒေလီမြို့သို့ ရောက်ရှိနေသော ဒုက္ခသည်များအတွက် အရေးပေါ်စီမံချက်တစ်ခု အမြန်ရေးဆွဲ၍ ကူညီပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တင်ပြခဲ့ကြောင်း CHRO၏ နယူးဒေလီရုံး တာဝန်ခံ ဆလိုင်း ကျွန်ဒေါ့ (Salia Cung Dawt) က ပြောသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Vikaspuri ရပ်ကွက်ရှိ Grand Westend ခန်းမတွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် အာရှ ပစ္စဖိတ် ဒုက္ခသည်များအရေး ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

“UNHCR အနေနဲ့ အရေးပေါ်စီမံချက်တစ်ခု အမြန်ရေးဆွဲပြီး ကူညီပေးဖို့ တင်ပြခဲ့ပါတယ်” ဟု ဆလိုင်း ကျွန်ဒေါ့ Salia Cung Dawt က ပြောသည်။

နယူးဒေလီရှိ UNHCR ရုံး၏ ဒုက္ခသည်အသိအမှတ်ပြု စစ်ဆေးသည့်လုပ်ငန်းများ ကြန့်ကြာ နေမှုကိုလည်း တင်ပြဆွေးနွေးခဲ့သည်ဟု ၎င်းက ဆိုသည်။

အာရှပစ္စဖိတ်ဒေသရှိ ဒုက္ခသည်အများအရေး ဆွေးနွေးပွဲကို နှစ်စဉ် တစ်ကြိမ် ကျင်းပလေ့ရှိသည်။

ယင်းအစည်းအဝေးသို့ ဒေသတွင်းရှိ နိုင်ငံ ၁၀ နိုင်ငံမှ ဒုက္ခသည်များ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ တက်ရောက်ကြသည်။

အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံကိုယ်စား ချင်းဒုက္ခသည်ကော်မတီ Chin Refugees Committee (CRC) နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization (CHRO) အပြင် မလေးရှား နှင့် ထိုင်းနိုင်ငံ တို့မှ မြန်မာအဖွဲ့အစည်း တို့လည်း တက်ရောက်ခဲ့သည်။

ယခုဆွေးနွေးပွဲတွင် ဒုက္ခသည်များ ကြုံတွေ့နေရသော ဘုံတူညီချက်များအား စုပေါင်း ဆွေးနွေးခဲ့ကြပြီး ရရှိလာသော အချက်အလက်များကို ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့ ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR )နှင့် အမေရိကန်နိုင်ငံ နယူးယောက်မြိုရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) သို့ ပေးပို့သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required