CDM စစ်သားများ၏ ဇနီးများနှင့် CDM အမျိုးသမီးစစ်သည်များ သတင်းမှားများဖြင့် တိုက်ခိုက်ခံနေရဟု ပြည်သူ့စစ်သား ဇနီးများအဖွဲ့ထုတ်ပြန်

CDM စစ်သားများ၏ ဇနီးများနှင့် CDM အမျိုးသမီးစစ်သည်များ သတင်းမှားများဖြင့် တိုက်ခိုက်ခံနေရဟု ပြည်သူ့စစ်သား ဇနီးများအဖွဲ့ထုတ်ပြန်

နိုဝင်ဘာ ၁၃

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ပြုလုပ်ထားသည့် စစ်သားများ၏ ဇနီးများနှင့် CDM အမျိုးသမီး စစ်သည်များကို ဂုဏ်သိက္ခာ ကျဆင်းစေမည့် သတင်းအမှားများဖြင့် တိုက်ခိုက်မှုများ ရှိနေသည်ဟု ပြည်သူ့စစ်သား ဇနီးများအဖွဲ့က သတင်း ထုတ်ပြန်သည်။

ပြည်သူ့ဘက်မှ ရပ်တည်ပေးသော ပြည်သူ့စစ်သားများ၏ ဇနီးသည်များ နှင့် အမျိုးသမီး စစ်သည်များကို အကြမ်းဖက် စစ်ကောင်စီက ဂုဏ်သိက္ခာပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများကို လိုက်လံ တိုက်ခိုက်လျက် ရှိသည်ဟု ဆိုသည်။

သတင်းအမှားများဖြင့် တိုက်ခိုက်မှုများကို ပြည်သူ့ဘက် ကူးပြောင်းလာပြီးနောက်ပိုင်းတွင် ပိုမိုကြုံတွေ့လာရပြီး စစ်အုပ်စုသည် အရပ်သား၊ အမျိုးသမီး အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ၊ တက်ကြွ လှုပ်ရှားသူများ၊ ဆန္ဒပြသူများကို နှစ်ပေါင်းများစွာ ကတည်းက စနစ်တကျ အကွက်ချ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အဆိုပါ အတုအယောင် သတင်းမှားလွှင့် ပုံဖျက် စကားများကို လက်သင့်မခံကြရန်နှင့် အဆိုပါ ဖြစ်ရပ်များ ကြုံနေရသည့် တော်လှန်ရေး ညီအမများကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြရန်လည်း ပြည်သူ့စစ်သား ဇနီးများအဖွဲ့က မေတ္တာရပ်ခံထားသည်။

နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် အမျိုးသမီးထုက ယင်းသို့ ပုံဖျက်တိုက်ခိုက်ခြင်းများကို သည်းခံမည် မဟုတ်ကြောင်း၊ တော်လှန်ရေးညီအမများကို လိင်ပိုင်း အခြေပြု/စိတ်ပိုင်း/ရုပ်ပိုင်း ထိခိုက်အောင် ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန်းက ရပ်ရန် သတိပေးကြောင်း၊ အမျိုးသမီး ဖြစ်ခြင်းအပေါ် အခြေခံ၍ တိုက်ခိုက်မှုများ ကြုံလာရလေလေ အမျိုးသမီးများကို ဖိနှိပ်သည့် အကြမ်းဖက် စစ်အုပ်စုကို စွန့်ခွာခဲ့သည့် ပြည်သူ့စစ်သားဇနီးများ၏ ဆုံးဖြတ်ချက် ပိုခိုင်မာလေလေ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တပ်တွင်း၌ နေထိုင်စဥ္ကလည်း ပုံစံမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု၊ ဖိုဝါဒ ကြီးစိုးသည့် အတွေးအခေါ်၊ လုပ်ရပ်များကို ကြုံခဲ့ရပြီး ယင်းလုပ်ရပ်များသည် အမျိုးသားများတွင် သာမက ရာထူးကြီး စစ်သား ဇနီးများတွင်ပါ ပျံ့နှံ့နေသည်ဟု ပြည်သူ့စစ်သား ဇနီးများ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly