အာဖဂန်နစ္စတန်အရေး ပထမဆုံး ဒေသတွင်းအစည်းအအဝေးကို နယူးဒေလီမြို့တွင် ကျင်းပ

By Asia Lite
13 November 2021
အာဖဂန်နစ္စတန်အရေး ပထမဆုံး ဒေသတွင်းအစည်းအအဝေးကို နယူးဒေလီမြို့တွင် ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ထားသည့် တာလီဘန်များနှင့် မည်ကဲ့သို့ ဆက်ဆံလုပ်ဆောင်သွားမည်ကို ဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်အား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများမှ သံတမန်များနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများ တက်ရောက်ခဲ့ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှ အမေရိကန်နှင့် အနောက်နိုင်ငံတပ်ဖွဲ့များ ရုပ်သိမ်းပြီး ၃ လနီးပါးအကြာတွင် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ပ အိန္ဒိယ၊ အီရန်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာမင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“အာဖဂန်နစ္စတန်နိုင်ငံရဲ့ အခြေအနေကို မိမိတို့အားလုံးက အထူးဂရုစိုက် စောင့်ကြည့်နေပါတယ်။ဒီအခြေအနေ တွေက အာဖဂန်ပြည်သူတွေအတွက်သာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းအတွက် အလွန်အရေးကြီးပါတယ်” ဟု အိန္ဒိယအစိုးရ၏ လုံခြုံရေးဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် အာဂျစ်ဒိုဗယ်က ပြောကြားသည်။

အနောက်အုပ်စုတပ်ဖွဲ့များ ဩဂုတ်လက နိုင်ငံတွင်းမှ ထွက်ခွာသွားပြီးနောက် အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာသလို အနောက်နိုင်ငံများ၏ အကူအညီရုပ်သိမ်းသွားပြီးနောက် ပျက်စီးခဲ့သည့် စီးပွားရေးကို ပြန်လည်တည်ဆောက်ရာတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်နိုင်ရန် တာလီဘန်တို့က မျှော်လင့်ထားသည်။

ယင်းအစည်းအဝေးသို့ မတက်ရောက်သည့် တရုတ်အစိုးရက အခြားအစီအစဉ်တစ်ခုနှင့် တိုက်နေကြောင်းနှင့် ပါကစ္စတန်တို့ကလည်း အစည်းအဝေးကို ကန့်ကွက်ကာ အိန္ဒိယအနေဖြင့် ဒေသတွင်း အာရုံစိုက်ခံရအောင် လုပ်ဆောင်နေကြောင်း ပါကစ္စတန်နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်မိုအိဒ် ယူဆွတ်ဖ်က စွပ်စွဲ ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက ကာတာနိုင်ငံ၌ ပြီးခဲ့သည့်လအတွင်းက တာလီဘန်အာဏာပိုင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာတွင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အခြားအစိုးရ ကိုယ်စားလှယ်များကလည်း အာဖဂန်နစ္စတန်ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံခဲ့သည်။

ပြိုင်ဖက် ပါကစ္စတန်၊ တရုတ်တို့၏ လွမ်းမိုးမှုကို ရင်ဆိုင်ရန် တာလီဘန်တို့နှင့် ထိတွေ့ဆောင်ရွက်ရန် လိုအပ် ကြောင်း လွတ်လပ်သည့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် နှစ်များအတွင်းက တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ သံတမန်များက ပြောကြားသည်။

နယူးဒေလီ၌ ကျင်းပခဲ့သည့် ယခုအစည်းအဝေးသို့ အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်း ရှိ၊မရှိကို မသိရှိရပေ။

တာလီဘန်၏ ယာယီ နိုင်ငံခြားရေးဝန်ကြီး အီမာခန်မူတာကီသည် အောက်တိုဘာ ၁၁ ရက်က ပါကစ္စတန်သို့ ၃ ရက်ကြာခရီးစတင်ခဲ့ပြီး အာဖဂန်နစ္စတန်သည် ဒေသအတွက် အရေးကြီးကြောင်း ပြသခဲ့ကြသည့် အစ္စလာမာဘတ်၊ မော်စကို၊ တီဟီရန်နှင့် နယူးဒေလီတို့၌ ကျင်းပသော အစည်းအဝေးများသည် အခြေအနကောင်းကြောင်း တာလီဘန်ပြောခွင့်ရအရာရှိက ပြောကြားသည်။

“အာဖဂန်နစ္စတန်အတွက် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဒေသတစ်ခုလုံးက လိုအပ်သောကြောင့် မိမိတို့ ကျေနပ်ပါတယ်။ ဒီအစည်းအဝေးတွေက နားလည်မှုရရှိဖို့ ဖော်ဆောင်ပေးပါလိမ့်မယ်။ သူတို့က အာဖဂန်နစ္စတန် အကျိုးစီးပွားအတွက် မျှော်လင့်ထားကြပါတယ်” ဟု ပြောခွင့်ရအရာရှိ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် အကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံထောက်ပံ့ရန် နို်ငငံတကာ အလှူရှင်များက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကတိပြုထားသည်။

တာလီဘန်တို့ နိုင်ငံကို ထိန်းချုပ်ပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုများကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ပြည်ပသို့ နေ့စဉ် ထွက်ပြေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly