တရုတ်နှင့်ဆက်နွှယ်သော စီးပွားရေးသူလျှိုအမှု ၁၃၀၀ ရာခိုင်နှုန်း မြင့်တက်ကြောင်း အမေရိကန် အက်ဖ်ဘီအိုင် တွေ့ရှိ

တရုတ်နှင့်ဆက်နွှယ်သော စီးပွားရေးသူလျှိုအမှု ၁၃၀၀ ရာခိုင်နှုန်း မြင့်တက်ကြောင်း အမေရိကန် အက်ဖ်ဘီအိုင် တွေ့ရှိ

အမေရိကန် ဗဟိုအစိုးရ စုံစမ်းရေးအဖွဲ့ (FBI) သည် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် စီးပွားရေးသူလျှိုအမှုများတွင် ၁၃၀၀ ရာခိုင်နှုန်း မြင့်တက်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ နိုဝင်ဘာ ၃ ရက်ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ စစ်ရေးနှင့်လုံခြုံရေး အခြေအနေ (၂၀၂၁) ဟု ခေါင်းစဉ်တပ်ထားသည့် ပင်တဂွန်၏ အစီရင်ခံစာ၌ FBI သည် ၂၀၂၀ပြည့်နှစ်က ၁၀ နာရီလျှင် ၁ကြိမ် တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည့် တန်ပြန်ထောက်လှမ်းရေး အမှုတွဲအသစ်တစ်ခုကို ဖွင့်ခဲ့ရသည်ဟု ဆိုသည်။

“၂၀၂၀ ပြည့်နှစ်အတွက် လက်ရှိလုပ်ဆောင်နေတဲ့ FBI တန်ပြန်ထောက်လှမ်းရေးအမှုပေါင်း ၅၀၀၀ နီးပါးထဲက ထက်ဝက်နီးပါးဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေပါတယ်" ဟု FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာဝရေး ပြောကြားချက်ကို အစီရင်ခံစာ၌ ဖော်ပြထားသည်။

"၂၀၁၅ ခုနှစ်နောက်ပိုင်း အမေရိကန်ရာဇ၀တ်မှုစွဲဆိုချက် အများအပြား၌ တရုတ်နိုင်ငံအတွက် ထိန်းချုပ်ထားသော ပစ္စည်းများ ဝယ်ယူခြင်းနှင့် တင်ပို့ခြင်းတို့တွင် တရုတ် နိုင်ငံသားများ၊ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသားပြုခံရသူများ သို့မဟုတ် အမြဲတမ်း နေထိုင်သည့် နိုင်ငံခြားသားများနှင့် အမေရိကန်နိုင်ငံသားများ ပါဝင်ကြောင်းအဓိကအမေရိကန်ပို့ကုန်ဥပဒေ၊ စီးပွားရေးသူလျှိုမှုနှင့် အရေးယူမှုများနှင့်ပတ်သက်သော ရာဇဝတ်မှုများဆိုင်ရာ အမေရိကန် တရားရေးဌာန၏ အကျဉ်းချုပ် ဖော်ပြချက်အရ သိရသည်” ဟု အစီရင်ခံစာတွင် ပါရှိသည်။ စိုးရိမ်စရာကောင်းသော ၊ နှစ်မျိုးသုံး သို့မဟုတ် စစ်ဘက်အဆင့်သုံးပစ္စည်းများကို ရယူရန် တရုတ်၏ ကြိုးပမ်းမှုများတွင် ဓာတ်ရောင်ခြည်ခံနိုင်သော ပေါင်းစပ် ဆားကစ်ပြား များ၊ကျောက်သားမိုက်ခရိုဝေ့ပေါင်းစပ် ဆားကစ်ပြားများ၊ ဂြိုင်ရိုစကုပ်များ၊ ရေတပ်နှင့် အဏ္ဏဝါနည်းပညာများ၊ အာကာသဆက်သွယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးကိရိယာများနှင့် အခြားအရာများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အမေရိကန်ရှိ တရုတ်အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းစီးနင်းရှာဖွေရေးအမြန်ယာဉ်နှင့် အင်ဂျင်များကို လိမ်လည်တင်ပို့ရန် ပူးပေါင်းကြံစည်မှုတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ယာဉ်များသည် နစ်မြုပ်နေသော ရေငုပ်သင်္ဘောမှ စေလွှတ်နိုင်ခြင်း သို့မဟုတ် လေယာဉ်ဖြင့် သမုဒ္ဒရာထဲသို့ ချနိုင်ခြင်းတို့ကြောင့် အမေရိကန်စစ်တပ်သည် အဆိုပါရေယာဉ်များနှင့် လောင်စာမျိုးစုံသုံးအင်ဂျင်များကို အသုံးပြုကြသည်။ ၎င်းတို့နှင့်ယှဉ်နိုင်သောအင်ဂျင်ကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားခြင်းမရှိ‌ပေ။

ထိပ်တန်းလျှို့ဝှက်ကြေးနန်းနှင့်အချက်အလက်ဆက်သွယ်မှုများဆိုင်ရာ ကာကွယ်ရေးပစ္စည်းအဖြစ် အမျိုးသားလုံခြုံရေးအေဂျင်စီကသတ်မှတ်ခံထားရသည့် တင်ပို့မှုထိန်းချုပ်စာရင်းတွင်ပါဝင်သော ရေဒီယိုအမျိုးအစားကို အမေရိကန်ရှိ တရုတ်အမျိုးသားတစ်ဦးက တရုတ်နိုင်ငံသို့ ပေးပို့ရန် ကြိုးပမ်းမှုအတွက် ၂၀၂၀ ခုနှစ် ဇွန်လက ထောင်ဒဏ် ၃၆ လ ချမှတ်ခံခဲ့ရကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required