စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ထမ်း အယောက်၂၀ ကို NUG က အမည်ပျက်စာရင်း ကြေညာ

စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ထမ်း အယောက်၂၀ ကို NUG က အမည်ပျက်စာရင်း ကြေညာ

နိုဝင်ဘာ ၁၂

စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်နေသော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ထမ်း အယောက် ၂၀ ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG ) က ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် အမည်ပျက်စာရင်း ကြေညာသည်။

အဆိုပါ ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ် အပါအဝင် ဦးစီးအရာရှိ အထိ အဆင့်ရှိသူ သာသနာရေးဝန်ထမ်း ၂၀ ဦးကို အမည်ပျက်စာရင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

၎င်းတို့သည် CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်း ခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပေဒနှင့်အညီ ပြန်ဆပ်ရန် မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လက် အောက်တွင် ဆက်လက် တာဝန် မထမ်းဆောင်ဘဲ ပြည်သူနှင့် တသားတည်း ဓမ္မဘက်မှ ရပ်တည်၍ အမိန့်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ကြရန် အကြိမ်ကြိမ် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။

ယင်းအပြင် CDM တွင် ပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်လျက် ရှိကြောင်းလည်း NUG အစိုးရက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required