ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းနှင့်ဒေါ်လာများစီစဉ်ပေးခဲ့ရသော်လည်း မည်သည့်အချိန်တွင်ပေးသည်ကိုမသိရှိကြောင်း ဒေါ်ခင်မိမိကြွယ်ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းနှင့်ဒေါ်လာများစီစဉ်ပေးခဲ့ရသော်လည်း မည်သည့်အချိန်တွင်ပေးသည်ကိုမသိရှိကြောင်း ဒေါ်ခင်မိမိကြွယ်ထွက်ဆို
ဝေဟင်စိုး

ဝေဟင်စိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းများနှင့် ဒေါ်လာများ စီစဉ်ပေးခဲ့ရသော်လည်း မည်သည့်အချိန်တွင် ဦးဖြိုးမင်းသိန်းအနေဖြင့်ပေးအပ်သည်ကိုမသိရှိရကြောင်း ဒေါ်ခင်မိမိကြွယ်က ယနေ့ရုံးချိန်းတွင်ထွက်ဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်အား သီးသန့်စွဲဆိုထားသော အဂတိ လိုက်စားမှုဥပဒေပုဒ်မ ၅၅ အမှုအတွက် တရားလိုပြသက်သေတစ်ဦးဖြစ်သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်ကထွက်ဆိုမှုဖြစ်သည်။

ကျန်းမာရေးမကောင်းဟုဆိုကာ ထွက်ဆိုချက်ပေးရန် ရုံးချိန်းသုံးခေါက်ပျက်ကွက်နေခဲ့သော ဒေါ်ခင်မိမိကြွယ်က ဦးဖြိုးမင်းသိန်းတောင်းသဖြင့် ရွှေချောင်းနှင့်ဒေါ်လာများ စီစဥ်ပေးခဲ့ရသော်လည်း သူမနေဖြင့်အဖော်လိုက်သွားခြင်းမျိုးမရှိကြောင်းနှင့် ရွှေချောင်းနှင့်ဒေါ်လာ များကို ဘယ်အချိန် ဘယ်ရက်က ရရှိခဲ့သည်ဆိုခြင်းကိုမူ ထွက်ဆိုသွားခြင်းမရှိကြောင်း ရှေ့နေ့အဖွဲ့နှင့်နီးစပ်သူအသိုင်းအဝိုင်းများကဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိသော နေရာတစ်ခုတွင် ချုပ်နှောင်ထားခြင်းခံရသော ဒေါ်ခင်မိမိကြွယ်က ယနေ့ လေးချိန်းမြောက်တွင်မှ လိုပြသက်သေအဖြစ်လာရောက်ထွက်ဆိုခြင်းဖြစ်သည်။

လိုပြသက်သေနောက်တစ်ဦးဖြစ်သော ဦးဖြိုးမင်းသိန်းက အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိသာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်း ကို ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်မြို့ပြစီမံကိန်းများအတွက် ပေးခဲ့ရသည်ဟု အစောပိုင်းက တရားရုံးတွင်ထွက်ဆိုထားသည်။

ယင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က အဓိပ္ပါယ်မရှိသော ထွက်ဆိုမှုများဟု တုန့်ပြန်ချေပထားသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့်နောက်ထပ်အမှုတစ်ခုဖြစ်သော ရာကြီးမှုအမှတ် (၅) လရောင်တောစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ်တည်ဆောက်သည်ဆိုသည့် စွပ်စွဲ ချက်အမှုအတွက် နေပြည်တော်လူမှုဖူလုံရေးကော်မတီမှ အင်ဂျင်နီယာတစ်ဦးက လိုပြသက်သေထွက်ဆိုခဲ့သည်။

ထို့နောက် ရာကြီးမှုအမှတ် (၃)နှင့် ရာကြီးမှုအမှတ်(၄) တို့ကို စစ်ဆေးရာတရားလိုပြသက်သေများရောက်ရှိလာခြင်းမရှိသောကြောင်း မစစ်ဆေးဖြစ်ခဲ့ဘဲ လာမည့်ရုံးချိန်းတွင် စစ်ဆေးမည်ဟု တရားသူကြီးက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

စစ်ကောင်စီက စွဲဆိုထားသည့် အဂတိအမှုလေးမှုစလုံးအတွက် လာမည့် နိုဝင်ဘာ ၁၉ရက် (သောကြာနေ့ )သို့ပြန်လည်ချိန်းဆိုထားသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်အချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မတစ်မျိုးတည်းမှာပင် လေးမှုဖြင့် တရားစွဲဆိုထားရာ ယင်းအမှုလေးမှုအနက် တစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်တစ်ဦးတည်း သီးသန့်စွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required