ခွဲထွက်ရေးကို ကြိုးပမ်းနေသူများ၏ စာရင်းသည် တရုတ်ပြည်မကြီး အစိုးရတွင်ရှိနေပြီး ၎င်းတို့ကို ဥပဒေအရ အပြစ်ပေးခံရမည်ဟု ထိုင်ဝမ်၏ ခေါင်းမာနေသော နိုင်ငံရေးသမားများအား တရုတ်အစိုးရက နိုဝင်ဘာ ၅ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
ခေါင်းမာသော ခွဲထွက်ရေးသမားများကို ပြစ်ဒဏ်ခတ်အရေးယူမှုများနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖန်လင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"စာရင်းတွင်ပါသူများသည် ၎င်းတို့၏ ဆွေမျိုးများနှင့် အတူ ပြည်မကြီးနှင့် အထူး အုပ်ချုပ်ခွင့်ရ ဒေသ များဖြစ်သော ဟောင်ကောင်နှင့် မကာအိုသို့ ဝင်ရောက်ခွင့် မပြုဘဲ၊ ၎င်းတို့၏ ဆက်စပ်အဖွဲ့အစည်းများသည် ပြည်မကြီးရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမဆို ကန့်သတ်ခြင်းခံရမည်" ဟု ကျူ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
ထိုင်ဝမ်လွတ်လပ်ရေးနှင့် ဆက်စပ်အဖွဲ့အစည်းများကို ကူညီပံ့ပိုးသူများသည် ပြည်မကြီးတွင် အကျိုးအမြတ်ရှိသည့် လုပ်ငန်းများအတွက် တားမြစ်ခံရမည်ဖြစ်ကြောင်းလည်း သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။
“အမိမြေကို သစ္စာဖောက်ပြီး တိုင်းပြည်ကို ခွဲထွက်ဖို့ ကြိုးပမ်းသူတွေဟာ အဆုံးသတ်မလှသလို ပြည်သူတွေရဲ့ ဒဏ်ခတ်မှုနဲ့ သမိုင်းရဲ့ဆုံးဖြတ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်” ဟု ထိုင်ဝမ်ခွဲထွက်ရေးသမားများဖြစ်သည့် စုတန်ချန်၊ ယွီရှီခွန်နှင့် ဂျိုးဇက်ဝူတို့ကို ရည်ညွှန်ပြီး ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြခဲ့သည်။
“စာရင်းပေါက်နေတဲ့ သူတွေက တစ်သက်တာလုံး တာဝန်ခံပြီး ဥပဒေနဲ့အညီ ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ခံသွားရမှာပါ” ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။
ထိုင်ဝမ်အစိုးရသည် တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာ မြောက် ဆက်ဆံရေး တိုးမြှင့်ခြင်းဖြင့် တရုတ်ကို အကြိမ်ကြိမ် ဆန့်ကျင်လျက်ရှိသည်။