ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ ပြည်သူ ၆ ဦးသေဆုံးဟုဆို

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ ပြည်သူ ၆ ဦးသေဆုံးဟုဆို

နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒေသခံအရပ်သား ခြောက်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲအပြီး ယင်းမာပင်-PDF အဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ယနေ့နိုဝင်ဘာ ၁၁ ရက်၌ ဒေသခံပြည်သူ ရုပ်အလောင်း ခြောက်ခုကို တွေ့ရှိခဲ့သည်ဟု ယင်းမာပင်-PDF ကတာဝန်ရှိသူက ဆိုသည်။

“တိုက်ပွဲပြီးလို့ ဒီနေ့ နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အခါမှာ အဲဒီအလောင်းတွေ တွေ့တာပေါ့။ တိုက်ပွဲဖြစ်တဲ့နေ့က ပူးပေါင်းအဖွဲ့တွေကို မေးကြည့်တော့ သူတို့အဖွဲ့တွေကလည်း မဟုတ်ဘူးလို့ ပြောပါတယ်။ ရွာနီးကသူတွေကို မေးတော့မှ သူတို့ရွာသားတွေလို့ပြောတာပါ ” ဟု ၎င်းက ပြောသည်။

သေဆုံးသူများမှာ အနီးကပ် ပစ်ခတ်ခံထားရသည့် အခြေအနေဖြစ်‌ေကြာင်း သိရသည်။

ရုပ်အလောင်းများဘေးတွင်လည်း နွားစာရိတ်ရာတွင်အသုံးပြုသည့် တုတ်၊ တံစဉ်၊ ခြင်းတောင်းတချို့၊ ကွမ်းယာထုပ် အစရှိသည်တို့ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ဒေသခံ PDF များဖြစ်ကြသည့် ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် မုံရွာ-ယင်းမာပင်-ပုလဲ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့က

နိုဝင်ဘာ ၉ ရက်နေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည် ၎င်းကဟု ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ဒေသခံပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှဖမ်းဆီးသွားကြောင်းသိရပြီး အသေးစိတ်အချက်အလက်ကိုစုံစမ်းနေဆဲဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲတွင် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့မှ သုံးဦးထက်မနည်းကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ အယောက် ၃၀ ထက်မနည်း ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်း ယင်းမာပင်-PDFက ထုတ်ပြန်ထားသည်။

ဒေသခံPDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွင် ဒေသခံPDF များဘက်မှ လမ်းဖွင့်ပေးခဲ့သောကြောင့် မုံရွာ-ယင်းမာပင်-ပုလဲလမ်းအတိုင်း ပုလဲမြို့ဘက်သို့ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required