လွိုင်ကော်မြို့ အခြေစိုက် ဆေးတပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်

လွိုင်ကော်မြို့ အခြေစိုက် ဆေးတပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်

နိုဝင်ဘာ ၁၀

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် အမှတ် (၅၄) စစ်မြေပြင် ဆေးတပ်ရင်းမှ ဆေးတပ်သား တစ်ဦး နိုဝင်ဘာလ ၆ ရက်တွင် လက်နက်နှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ပြုလုပ်လာသည် ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်- Karenni Generation Z Army (KGZ Army) တာဝန်ရှိသူက ပြောသည်။

“ MA - 3 ဒင်ခေါက် သေနတ် နဲ့ ကျည်ဆန် ၇၀ ၊ ကျည်ကဒ်သုံးခု နဲ့ လက်ပစ်ဗုံး တစ်လုံးပါတယ်။ တစရ ၇/၁၀၀ တပ်မတော် ဆေးရုံကပါ။ ရိုးရိုးတပ်သားပါ။ လက်ရှိတော့ လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထားပေးထားပါတယ် ” ၎င်းက ပြောသည်။

စစ်အာဏာရှင်က ပြည်သူများအပေါ် ရက်စက်ယုတ်မာမူများကို လက်မခံနိုင်၍ CDM ဝင်လာသော စစ်ကောင်စီတပ်သားကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် လက်ခံကြိုဆိုကြောင်း KGZ Army က ယနေ့ မွန်းလွဲပိုင်းအချိန်တွင် လူမူကွန်ရက် စာမျက်နှာမှ ကြေညာထားသည်။ အဆိုပါ ဆေးတပ်သားကို KGZ Army က ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်ခဲ့သည်။

“ နှစ်ဦးရှိပါပြီ။ ပထမတစ်ဦးကို ကရင်နီပြည် ရဲဌာန Karenni State Police – KSP ကို လွှဲပေးလိုက်ပါတယ်” ဟု KGZ Army အဖွဲ့ တာဝန်ရှိသူက ပြောသည်။

KGZ Army သည် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ရပ်တည်မည့် CDM ရဲနှင့် စစ်သားများကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုလျက်ရှိကြောင်းလည်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required