ရခိုင်တွင် တိုက်ပွဲရပ်စဲမှု ၁ နှစ်ပြည့်ချိန် လက်နက်ကြီးသံများ ပြန်ကြားရ

ရခိုင်တွင် တိုက်ပွဲရပ်စဲမှု ၁ နှစ်ပြည့်ချိန် လက်နက်ကြီးသံများ ပြန်ကြားရ

နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ယမန်နေ့ နိုဝင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း အနီးအနားရှိ ကျေးရွာဒေသခံများက ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာနှင့် ငါးမိုင်ခန့် အကွာရှိ တောထဲ၌ လက်နက်ကြီး ပစ်ခတ်သံ သုံးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဖြစ်တာက တောထဲမှာ။ ကျွန်တော်တို့က အပြင်ရွာကနေ ကြားရတာ။ လက်နက်ကြီးအသံ သုံးချက် ကြားရပါတယ်။ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ပြန်ငြိမ်သွားပါတယ်” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက မဇ္ဈိမကို ပြောသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်သံများသည် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားသည့် ပတ်ခတ်မှုများ ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။

လက်နက်ကြီးသံ ထွက်ပေါ်ခဲ့သည့် နေရာနှင့် ငါးမိုင်ခန့်အကွာတွင် ရေနောက် ငါးသားကျေးရွာ၊ တမန်းသား ကျေးရွာနှင့် မင်္ဂလာညွန့် စံပြကျေးရွာတို့ တည်ရှိပြီး ထိုကျေးရွာ ဒေသခံများသည် ၂၀၁၇ ခုနှစ် မောင်တောဖြစ်စဉ် ( အာဆာ -Arakan Rohingya Salvation Army နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ) နှင့် ဆက်စပ်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျေးရွာများ ဖြစ်ကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင်မူ မည်သည့်ပစ်ခတ်သံမျှ ထပ်မကြားရဘဲ ငြိမ်သက်နေကြောင်း ကျေးရွာဒေသခံများက ပြောသည်။

လက်နက်ကြီးသံများ ထွက်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

မောင်တောမြို့နယ်၊ ခမောင်းဆိပ် အရှေ့တောင်ဘက်၌ ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်တပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သားအချို့ ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ နှစ်နှစ် နီးပါးကြာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများ ယာယီရပ်စဲခဲ့သည်။ ယခု တစ်နှစ်ပြည့်ချိန်တွင် လက်နက်ကြီး သံများ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ- (၂၀၁၇ ခုနှစ်တွင် မောင်တောသို့ အင်အားဖြည့်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို စစ်တွေလေယာဉ်ကွင်းရှေ့တွင် တွေ့ရစဉ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required