မင်းတပ်မြို့နယ်၊ အေးသာယာရွာရှိ ဘုရားကျောင်းနှင့် လူနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့

By ပါခွီး
09 November 2021
မင်းတပ်မြို့နယ်၊ အေးသာယာရွာရှိ ဘုရားကျောင်းနှင့် လူနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့

နိုဝင်ဘာ ၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ်- မတူပီ လမ်းမပေါ်ရှိ အေးသာယာရွာကို စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၇ ရက်တွင် မီးရှို့ခဲ့ရာ ဘုရားကျောင်းနှင့် လူနေအိမ် ခုနှစ်လုံး မီးလောင်သွားကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မင်းတပ်က ၂၃ မိုင်‌ဝေးတဲ့ အေးသာယာရွာမှာရှိတဲ့ သတင်းကောင်းနှစ်ချင်း ဘုရားကျောင်းနဲ့ အိမ် ခုနှစ်လုံးကို မီးရှို့သွားကြတယ်။ ကျန်တဲ့အိမ်တွေကိုလည်း ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းတွေကို ယူသွားကြတယ်” ဟု ၎င်းက ပြောသည်။

အေးသာယာရွာ (ခေါ်) ဆပ်ချောက်ရွာတွင် လူနေအိမ်ခြေ ၂၅ လုံးခန့် ရှိသည်။

ယနေ့ နိုဝင်ဘာလ ၉ရက်တွင် မင်းတပ် - မတူပီ လမ်းပေါ်၌ CDF - မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်လျက်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မိုင်တိုင် ၂၅ နှင့် ၂၆ နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly