ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုရန် တရားရုံးလက်ခံ

ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုရန် တရားရုံးလက်ခံ

နိုဝင်ဘာ ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်အမှု နှစ်မှုအနက် တစ်မှုအား ယနေ့ နိုဝင်ဘာ ၉ ရက် က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြသည်။

တရားခွင်မစမီ နံနက် ၉ နာရီ မိနစ် ၃၀တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ အဖွဲ့တို့ ပုံမှန် တွေ့ဆုံခွင့်ရရှိခဲ့ပြီးနောက် ယနေ့ ကြားနာစစ်ဆေးမည့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ရင်ဆိုင်ရန် မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နံနက်၁၀နာရီတွင် တရားခွင်စတင်ခဲ့ပြီး ရှေ့နေအဖွဲ့က အမှုအတွက် ခံပြသက်သေအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တစ်ဦးတည်းကိုသာ တင်သွင်းခဲ့သည်။

တရားသူကြီးက ခံပြသက်သေ ဒေါက်တာဇော်မြင့်မောင်ကို တရားခွင်အတွင်းခေါ်ရန်မှာ ခက်ခဲနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း သက်သေတင်သွင်းမှုကို လက်ခံခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားရုံးက စွပ်စွဲခံရသူဘက်အတွက် CMP(မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး) ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၆ရက်တွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင် ခံပြသက်သေအဖြစ် တင်သွင်းထားသော ဒေါက်တာဇော်မြင့်မောင်ကို လည်းကောင်း စစ်ဆေးမည်​ ဖြစ်ကာ ဒီဇင်ဘာလ ၇ ရက်တွင် နောက်ဆုံးလျောက်လဲချက်များ ပေးပြီးနောက် ဒီဇင်ဘာ ၁၄ရက်နေ့တွင် အမှုအတွက် အပြီးသတ် အမိန့် စီရင်ချက်ချမှတ်မည် ဖြစ်သည်။

ယနေ့တွင်ပုံမှန်စစ်ဆေးနေသော ဆူပူအောင် လှုံ့ဆော်မှု ၅၀၅(ခ)အမှုအတွက် ပြီးခဲ့သောရုံးချိန်းက တစ်ပတ်ကျော်(နိုဝင်ဘာ ၁၆)ရက်နေ့အား ရွှေ့ဆိုင်းထားခြင်းကြောင့် ယနေ့ကြားနာမှုတွင် မပါဝင်ဟုဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုများအနက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အမှုနှစ်မှုရှိသည့်အနက်တစ်မှုနှင့် ပို့ကုန်သွင်းကုန် အမှု၊ ဆက်သွယ်ရေးဥပဒေအမှုတို့အတွက် ယမန်နေ့ (နိုဝင်ဘာ ၈)ရက်ကလည်း ရုံးထုတ်စစ်ဆေးခဲ့သေးသည်။

ယင်းအမှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရပြီး အိုးဘိုထောင်တွင်း ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်က ခံပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။

တရားရုံးက ဦးဝင်းထိန်အား ခံပြသက်သေအဖြစ်စစ်ဆေးရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ရှေ့နေအဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းထံက သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံ့ခေါင်ဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့် နှင့်ဒေါက်တာမျိုးအောင်တို့လည်း ကျန်းမာရေး အထူးကောင်းမွန်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required