မြန်မာတွင် လူ ၃ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေဟု ကုလ သတိပေး

မြန်မာတွင် လူ ၃ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေဟု ကုလ သတိပေး

နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း သုံးသန်းကျော်မှာ အရေးပေါ် အသက်ကယ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကြီးအကဲက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ကြီးထွားလာနေသည့် ပဋိပက္ခများ၊ မလုံခြုံမှု၊ COVID-19 ၊ စီးပွားရေးကျဆင်းမှုတို့နှင့် ဖိစီးခံနေရလျက် ရှိရာ အကျပ်အတည်းအပေါ် နိုင်ငံရေးဖြေရှင်းချက်တစ်ခု မရှိပါက အကူအညီလိုအပ်သူအရေအတွက်သာ "ပိုမို မြင့်တက်လာရုံ" သာ ရှိလိမ့်မည်ဟု ကုလ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံးမှ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ်က ပြောခဲ့သည်။

လူသားချင်းစာနာမှု အမှုထမ်းများသည် ယခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၁ ဒသမ ၆၇ သန်းကို စားနပ်ရိက္ခာ၊ ငွေကြေးနှင့် အာဟာရဆိုင်ရာ အကူအညီများဖြင့် ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ကုလအချက်အလက်များအရ သိရသည်။ သို့သော် "လူသားချင်းစာနာမှု ဝင်လမ်းနှင့် ဘဏ္ဍာငွေကြေးများ မရရှိမှုကြောင့် အကန့်အသတ်များနှင့်လည်း ရင်ဆိုင်နေရသည်။

"စစ်တပ်က ထားရှိထားတဲ့ ဗျူရိုကရက်တစ် အဟန့်အတားတွေကြောင့် နိုင်ငံတဝန်း အရေးတကြီး အကူအညီ လိုအပ်နေသူအများအပြားဆီ ရောက်ရှိနိုင်မှုအပေါ်မှာ ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်" ဟု ဂရစ်ဖစ်သ်စ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။ ကုလလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်ပြီး တံခါးပိတ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ "ဘေးကင်း၊မြန်ဆန်၊ အဟန့်အတားမရှိတဲ့ လူသားချင်းစာနာမှုအကူအညီ ဝင်ခွင့်ကို လွယ်ကူချောမွေ့စေအောင် လုပ်ဆောင်ဖို့အတွက်  မြန်မာစစ်တပ်နဲ့ သက်ဆိုင်သူအားလုံးကို တောင်းဆိုပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် စာနာထောက်ထား ကယ်ဆယ်ရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂရစ်ဖစ်သ်စ်က ထပ်မံ တိုက်တွန်းလိုက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများကို ထောက်ကူဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ဒေါ်လာ ၃၈၅ သန်း တောင်းခံထားရာတွင် လက်ရှိအချိန်အထိ ယင်း၏ တစ်ဝက်ခန့်သာလျင် ရရှိထားသေးကြောင်း ၎င်းက ပြောခဲ့သည်။

"မြန်မာပြည်သူတွေ သူတို့တွေရဲ့ အခြေခံအခွင့်အရေးတွေ ထိန်းသိမ်းနိုင်ဖို့၊ သူတို့ ဂုဏ်သိက္ခာနဲ့ နေထိုင်နေဖို့အတွက် ကျွန်တော်တို့ရဲ့ အကူအညီကို သူတို့ လိုအပ်နေပါတယ်၊ ကမ္ဘာကြီးကလည်း စောင့်ကြည့်နေပါတယ်" ဟု ၎င်းက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မကြာသေးခင်က ပဋိပက္ခ အရှိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူပေါင်း ၃၇,၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာခဲ့ကြရကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုလအစောပိုင်းတွင် ပြောသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုဆန္ဒပြမှုများအပေါ် အာဏာသိမ်းစစ်တပ်ဘက်က ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့ရာ အပြစ်မဲ့ပြည်သူ ၁,၂၄၀ ဦးကျော် သေဆုံးပြီး အခြားလူပေါင်း ၇,၁၀၀ ကျော် ဖမ်းဆီး၊ တရားစွဲ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly