ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အာဏာ အမြန်ဆုံးအပ်နှင်းရန် ကိုးရီယားလွှတ်တော်အမတ်များ ထုတ်ပြန်

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အာဏာ အမြန်ဆုံးအပ်နှင်းရန် ကိုးရီယားလွှတ်တော်အမတ်များ ထုတ်ပြန်

နိုဝင်ဘာ ၈

မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အစိုးရထံ ပြည်သူ့အာဏာ အမြန်ဆုံးအပ်နှင်းရန် အာဏာသိမ်း စစ်အုပ်စုကို ကိုးရီယားပြည်သူ့လွှတ်တော်အမတ်များက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကိုးရီယားပြည်သူ့လွှတ်တော်အမတ် ၈၁ ဦးက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ တစ်နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ ကိုရီးယားပြည်သူ့ လွှတ်တော်အမတ်များက စုပေါင်း၍ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် ပြည်သူ့ဆန္ဒများကို ဖယ်ရှားကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူသိမ်းပိုက်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တစ်ကွ အပေါင်းအပါများကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးနေပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ အားလုံးနှင့် ပူးပေါင်းလက်တွဲကာ မြန်မာနိုင်ငံဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်စေရေး ဝိုင်းဝန်းကူညီသွားမည်ဟု ကိုးရီယား လွှတ်တော်အမတ်များက ကတိပြုထားသည်။

ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲ မဲလာပေးသော ပြည်သူများကို တွေ့ရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required