ပါကစ္စတန်၌ ငွေကြေးဖောင်းပွမှုအပေါ် အတိုက်အခံပါတီများ ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန်၌ ငွေကြေးဖောင်းပွမှုအပေါ် အတိုက်အခံပါတီများ ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ၏ အမျိုးသမီးဂိုဏ်းနှင့် Jamiat Ulema-i-Islam- Fazl (JUI-F) ပါတီတို့မှ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က နိုင်ငံတွင် ငွေကြေးဖောင်းပွမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ပြည်ပချေးငွေများ ရယူရန် ကြိုးပမ်းခြင်းကနေ ရှောင်ရန်နှင့် ကုန်ဈေးနှုန်းများ တက်မှုကို ကျော်လွှားနိုင်ရန် အစီအမံများကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရန် ၎င်းတို့က ဖက်ဒရယ်အစိုးရကို တောင်းဆိုခဲ့သည်။

PML-N ၏ ပြည်နယ်ဆိုင်ရာဥက္ကဋ္ဌ အင် အေမီရာ မူခန်၊ ပါတီ၏ အမျိုးသမီးဂိုဏ်း၏ ဗဟိုဥက္ကဋ္ဌ ဆိနိတ်တာ နာဇက် ဆာဒစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဟီရာ ဘူခါရီ နှင့် ပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်အမတ် ဆိုဘီယာ ခန် တို့က ပက်ရှာဝါ သတင်းမီဒီယာကလပ် အပြင်ဘက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်ခဲ့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့်အကြား သဘောတူညီချက်က ငွေကြေးဖောင်းပွမှု လှိုင်းသစ်တစ်ခုကို အစပျိုးစေလိမ့်မည် ဖြစ်ကြောင်း မစ္စတာ မူခန်က ဆန္ဒပြသူများကို ပြောခဲ့သည်။

ချေးငွေအစီအစဥ် ပြန်စရန် IMF နှင့်အကြား သဘောတူညီချက်တစ်ခု ရယူရန် ကြိုးပမ်းနေမှုအတွက် အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။ ထို့ပြင် ရေနံ ထုတ်ကုန်များ၊ လျှပ်စစ် အခွန်အခများနှင့် နေ့စဥ်သုံး ပစ္စည်းများ၏ ဈေးနှုန်းများ မကြာခဏ မြင့်တက်နေမှုအပေါ် ၎င်းတို့က ပြစ်တင်ရှုတ်ချခဲ့ကြသည်။

အစိုးရကို ဆန့်ကျင်သည့် ဆောင်ပုဒ်များ ရေးထားသည့် ဆိုင်းပုဒ်၊ စာတန်းများကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် ဝန်ကြီးချုပ် အီမရန် ခန်းကို တောင်းဆိုခဲ့သလို ယင်းသို့ လုပ်ဆောင်နိုင်ခြင်း မရှိပါက ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့သည်။ ၎င်းတို့သည် ရှားရှာဆူရီ လမ်းပေါ်တွင် ကားတာယာဟောင်းများကိုလည်း မီးရှို့ခဲ့ကြသည်။

အလားတူ ပါတီ၏ အမျိုးသမီးဂိုဏ်းအဖွဲ့ ခေါင်းဆောင်များကလည်း မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်ရန် အစိုးရကို တောင်းဆိုခဲ့သည်။ ထို့ပြင် IMF နှင့်အကြား လက်မှတ်ထိုးထားသည့် သဘောတူညီချက်ကို ပြည်သူများသို့ ထုတ်ဖော်အသိပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

အစိုးရသည် ပါလီမန်အပေါ်တွင် သင့်တင့်လျောက်ပတ်သည့် အလေးအနက်ထားမှုမျိုး မရှိခဲ့သလို အမိန့်ညွှန်ကြားချက်များကနေတဆင့် ဆုံးဖြတ်ချက်များကို ချမှတ်နေကြောင်း ၎င်းတို့က ပြောသည်။

အလားတူ JUI-F မှ အဖွဲ့ဝင်များသည်လည်း သတင်းမီဒီယာ ကလပ်အပြင်ဘက်တွင် ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပြီး ကုန်ဈေးနှုန်းတက်မှုနှင့် အလုပ်လက်မဲ့ဖြစ်မှုများအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြသူများကို ၎င်းတို့၏ ခေါင်းဆောင်များဖြစ်ကြသည့် မော်လာနာ ဆူဟေးလ် ဒါဗက်ရှ် ၊ မော်လာနာ အဗ္ဗဒူလ် ဝါဂျစ် နှင့် မော်လာနာ မိုဟာမက် အာမက်ဒ်တို့က ဦးဆောင်ခဲ့သည်။

ဆန္ဒပြသူများသည် အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသလို နိုင်ငံတွင် 'အရည်အချင်း မပြည့်မီသော' အုပ်ချုပ်သူများကို ဖယ်ရှားရန်အလို့ငှာ နိုင်ငံများပါတီများ လက်တွဲပူးပေါင်းကြရေးကိုလည်း တိုက်တွန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly