ပါကစ္စတန်တွင် ၂ နှစ်အတွင်း ဂျာနယ်လစ် ၂ ဒါဇင်ခန့် ပြစ်ဒဏ်ချမှတ်ခြင်းခံရ

By The International News
07 November 2021
ပါကစ္စတန်တွင် ၂ နှစ်အတွင်း ဂျာနယ်လစ် ၂ ဒါဇင်ခန့် ပြစ်ဒဏ်ချမှတ်ခြင်းခံရ

ပါကစ္စတန်နိုင်ငံတွင် ၂ နှစ်အတွင်း တရားစွဲခံရသည့် ဂျာနယ်လစ် ၂ ဒါဇင်ခန့်ရှိပြီး ၎င်းတို့အနက်အများစုသည် အီလက်ထရောနစ်ရာဇဝတ်မှု ဥပဒေ (PECA ) အရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ဂျာနယ်လစ်များအပေါ် ရာဇဝတ်မှု ကျူးလွန်သူများအား ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့ မတိုင်မီ Freedom Network က ထုတ်ပြန်သည့် အစီရင်ခံတစ်စောင်တွင် ဖော်ပြထားသည်။

အွန်လိုင်းအသရေဖျက်မှုများကို အရေးယူသည့် ပုဒ်မ ၂၀ အရ ထောင်ဒဏ် ၃ နှစ်နှင့် ရူပီး ၁ သန်းအထိ ဒဏ်ငွေများဖြင့် PECA ဥပဒေအရ ပါစ္စတန်တွင် ဂျာနယ်လစ်များကို မကြာခဏ အရေးယူလေ့ရှိသည်။

“စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများအပေါ် ဝေဖန်သုံးသပ်ရေးသားတဲ့ ဂျာနယ်လစ်တွေကို PECA အရ အရေးယူပါတယ်။ ကန့်ကွက်ဝေဖန်မှုလုပ်ဆောင်ရင် အသရေဖျက်မှုလို့ပဲ သတ်မှတ်ထားပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျာနယ်လစ်အများစုသည် ပန်ဂျပ်ပြည်နယ်မှ ဖြစ်သည်။

Freedom Network ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ အစ်ကာဘယ်ခါတက်က ပါကစ္စတန်ဂျာနယ်လစ်များသည် သမားရိုးကျ မီဒီယာများနှင့် တင်းကျပ်ခံရသည့် လွတ်လပ်သော သတင်းများနှင့် ဝေဖန်ရေးဆောင်းပါးများကို မျှဝေရန် အွန်လိုင်းကို အသုံးပြုလာခဲ့ကြောင်း ပြောကြားသည်။

“အွန်လိုင်းမှာ ရေးသားချက်တွေကို တရားဝင်ဖြစ်စေ၊ ဂျာနယ်လစ်တွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ဖြစ်စေ အွန်လိုင်းပေါ်မှာ ရေးသားချက်တွေကို ထိန်းချုပ်မှု ပိုမိုလုပ်ဆောင်လာတာကို ကျွန်တော်တို့ သတိပြုမိလာပါတယ်” ဟု ၎င်းက ပြောကြားသည်။

အွန်လိုင်းက ရေးသားဖော်ပြမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ လွန်ခဲ့သော နှစ်များအတွင်း ပါကစ္စတန် ဂျာနယ်လစ်များကို ခြိမ်းခြောက် ခိုင်းစေရန်နှင့် နှုတ်ဆိတ်နေစေရန် PECA ပုဒ်မများဖြင့် ဥပဒေအရ အရေးယူနိုင်စေမည့် နည်းလမ်းများကို အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။

ပန်ဂျပ်ပြည်နယ်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံး နေရာအဖြစ်ပြောင်းလဲလာကြောင်း တွေ့ရှိထားရာတွင် PECA ပုဒ်မများအရ ဖမ်းဆီးထားသည့် ဂျာနယ်လစ် ၂၃ ဦးအနက် ၁၀ ဦးသည် အဆိုပါ ဒေသမှ ဖြစ်ပြီး အစ္စလာမ္မာဘတ်တွင် ၈ မှုရှိခဲ့သည်။

PECA ဥပဒေနှင့် အခြားဥပဒေများအရ တရားစွဲဆိုခဲ့ရသည့် ဂျာနယ်လစ် ထက်ဝက်နီးပါးသည့် အဖမ်းခံခဲ့ရသည်။ ဖမ်းဆီခံရသူ ၃ ပုံ ၂ ပုံခန့်သည် ဖမ်းဆီးခံရပြီးနောက် အာမခံဖြင့် လွတ်မြောက်ခဲ့သော်လည်း အချို့သည် အကျဉ်းထောင်များတွင် ရက်အနည်းငယ်မှ ရက်သတ္တပတ် အနည်းငယ်အထိ ကြာမြင့်အောင် နေထိုင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly