ရာသီဥတုဖောက်ပြန်မှုကြောင့် တရုတ်တွင် တောင်ယာလုပ်ငန်းများအခက်အခဲနှင့်ရင်ဆိုင်နေရ

ရာသီဥတုဖောက်ပြန်မှုကြောင့် တရုတ်တွင် တောင်ယာလုပ်ငန်းများအခက်အခဲနှင့်ရင်ဆိုင်နေရ

ဝမ်ယူတန်သည် မတည်ငြိမ်သောရာသီဥတုကြောင့်ဖြစ်သော ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ယူနေစဉ် သူစီးထားသောဖိနပ်သည် တစ်ချိန်က စိုက်ပျိုးဖြစ်ထွန်းခဲ့သော သူ၏ ပြောင်းနှင့်မြေပဲယာခင်းရွှံ့နွံထဲ နစ်ဝင်သွားခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ၃ လအကြာ၌ နိုင်ငံ၏ ညီညာပြန့်ပြူးသောစိုက်ပျိုးမြေတစ်လျှောက်သည် ရေအနက်လက်မများစွာ နစ်မြုပ်နေဆဲဖြစ်သည်။

၎င်းသည် စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့တွင် ကျင်းပနေသော ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံအတွက် အရေးတကြီးလုပ်ဆောင်ရမည့် ကမ္ဘာအဝှမ်း ဘေးဒုက္ခများအနက် တစ်ခုဖြစ်လာသည်။

“ ဒီနှစ်တော့ ဘာမှမရတော့ဘူး။ အားလုံး ဆုံးရှုံးကုန်ပြီ။ မြေနိမ့်ပိုင်းက တောင်သူလယ်သမားတွ ဘာမှ မရိတ်သိမ်းလိုက်ရဘူး” ဟု ဝမ်က ဆိုသည်။ ဝမ်သည် ရေကြီးမှုကြောင့် နွေသီးနှံများဆုံးရှုံးလိုက်ရပြီး အောက်တိုဘာနှောင်းပိုင်း၌ လယ်မြေသည် နောက်ရာသီ၏ ဆောင်းသီးနှံ ဂျုံစိုက်ရန် စိုစွတ်လွန်းနေသည်။

ရေကြီးမှုသည် ဝမ်ကဲ့သို့သော လယ်သမားများ မှတ်မိသလောက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးဖြစ်သည်။ သို့သော် ကမ္ဘာကြီးပူနွေးလာပြီး စိုက်ပျိုးသူများအားထားနေသည့် ရာသီဥတုပုံစံများ မတည်မငြိမ်ဖြစ်လာစဉ်တွင် တိုင်းပြည်ရင်ဆိုင်ရမည့် လွန်ကဲသောအခြေအနေများကို ကြိုတင်အသိပေးချက်ပုံစံလည်းဖြစ်သည်။

အမေရိကန်သည် သမိုင်းအစဉ်အရ လေထုကို အညစ်ညမ်းဆုံးဖြစ်စေသူ ဖြစ်သော်လည်း လူဦးရေ ၁ ဒသမ ၄ ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို အကြီးမားဆုံးဖန်တီးသူဖြစ်နေကာ ကမ္ဘာကြီးပူနွေးစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းကို ထုတ်လွှတ်နေသည်။

ကမ္ဘာ့ခေါင်းဆောင်များသည် ယခုသီတင်းပတ်၌ ရာသီဥတု ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်စဉ် တရုတ်သည် ရုပ်ကြွင်းလောင်စာများ ရပ်ဆိုင်းရေးအတွက် အချိန်သတ်မှတ်ချက်ကို မထားရှိသေးသည့် အတွက် ဝေဖန်မှုများစွာခံနေရသည်။

ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားကတည်းက တရုတ်နိုင်ငံတွင်းမှမထွက်ဘဲ ထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်သော သမ္မတရှီကျင့်ဖျင်သည် ဝါရင့်ညှိနှိုင်းရေးမှူးတစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုညှိနှိုင်းရေးမှူးက ၂၀၃၀ မတိုင်မီ နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချမည်ဟု ပြောသည်။

အစိုးရထိပ်တန်းသိပ္ပံပညာရှင်များက မိုးခေါင်ရေရှားမှု၊ အပူလှိုင်းနှင့် မိုးရေချိန်များမှုတို့ တိုးလာနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းအခြေအနေသည် ရိတ်သိမ်းမှုများကို ခြိမ်းခြောက်နေသလို Three Gorges အပါအဝင် ရေလှောင်ကန်များနှင့်ဆည်များကို အန္တရာယ်ဖြစ်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly