လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရန် ဆောင်ရွက်ပေးမည့် ကုလအထူးကိုယ်စားလှယ်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်တွဲကူညီမည်

လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရန် ဆောင်ရွက်ပေးမည့် ကုလအထူးကိုယ်စားလှယ်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်တွဲကူညီမည်

နိုဝင်ဘာ ၆

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရန်အပါအ၀င် လက်ရှိကြုံတွေ့နေရသော အထွေထွေအကြပ်အတည်း ကိစ္စရပ်များဖြေရှင်းရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် နိုလင်းဟေဇာ အား ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က လက်တွဲကူညီဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

ထိုသို့ ကူညီဆောင်ရွက်ပေးရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်( NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အား ကိုယ်စားပြုသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ( PPST)က ယမန်နေ့ (နို၀င်ဘာ ၅ )ရက်က ပြုလုပ်သော ၂၁/၂၀၂၁ အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

ထို့အပြင် အစည်းအဝေးတွင် အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သော ချင်းပြည်နယ် ထန်တလန် ကိစ္စအပါအ၀င်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူပေးရန် တောင်းဆိုထားသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၀ ဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABFDS)၊ ရခိုင်ပြည်လွတ် မြောက်ရေုးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA- PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ( MNSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

နို၀င်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ စစ်ရှောင်ပြည်သူများအတွက်လုံခြုံရေးအပါအ၀င် လူသားချင်းစာနာထောက်ထားမှု အကူအညီများအမြန်ဆုံးရရှိရေးအတွက် နိုလင်းဟေဇာနှင့်အတူ ဝိုင်း၀န်းကြိုးစားဆောင်ရွက်သွားမည်ဖြစ်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အား ကိုယ်စားပြုထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ( PPST)က ပြည်တွင်းပြည်ပရှိ Stakeholders များနှင့် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းနှင့် ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ သဘောထားများ စုစည်းနိုင်ရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့ ၁၀ ဖွဲကို ကိုယ်စားပြုသော PPST ၏ ထိပ်သီးအစည်းအဝေးစတုတ္ထအကြိမ်မြောက်(ဒုတိယပိုင်း) ကို ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားပြီး ၊PPST ၏ စုဖွဲ့မှု ပုံစံအပါအ၀င်ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required