ထိုင်ဝမ်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၈ စင်း ဝင်ရောက်

ထိုင်ဝမ်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၈ စင်း ဝင်ရောက်

စစ်ရေးကျူးကျော်မှု ပိုမို လုပ်ဆောင်လာခြင်းနှင့်အတူ တရုတ်စစ်လေယာဉ် ၈ စင်းထက်မနည်း သည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ အောက်တိုဘာ ၃၁ရက် ဝင်ရောက်ခဲ့သည်။

ယခုဝင်ရောက်မှုသည် အောက်တိုဘာလအတွင်း ၆ ကြိမ်မြောက် ကျူးကျော်မှုဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ် (PLA) မှ Shenyang J-16 တိုက်လေယာဉ် ၆ စင်း၊ KJ-500 နှင့် Shaanxi Y-8 ရေငုပ်သင်္ဘောဖျက် စစ်လေယာဉ် ၁ စင်းစီတို့သည် ထိုင်ဝမ် ADIZ သို့ ဝင်ရောက်ခဲ့ကြောင်း အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန (MND) ကို ကိုးကား၍ Taiwan News က ဖော်ပြခဲ့သည်။

ထိုင်ဝမ်က PLA လေယာဉ်များကို စောင့်ကြည့်ရန် လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်စနစ်များ တပ်ဖြန့်ထားပြီး ကြားဖြတ်တိုက်လေယာဉ်များ စေလွှတ်ကာ ရေဒီယို သတိပေးချက်များ ထုတ်ပြန်ခြင်းဖြင့် ကျူးကျာ်မှုများကို တုံ့ပြန်ခဲ့သည်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်သည် ထိုင်ဝမ်၏ သတ်မှတ်ဇုန် သို့ ယခုနှစ်အထိ စစ်လေယာဉ် အစင်းရေ ၆၈၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်ဟု Taiwan News က ဖော်ပြသည်။

ထိုင်ဝမ်အစိုးရသည် တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာ မြောက် ဆက်ဆံရေး တိုးမြှင့်ခြင်းဖြင့် တရုတ်အစိုးရကို အကြိမ်ကြိမ် ဆန့်ကျင်လျက်ရှိသည်။

“ထိုင်ဝမ်လွတ်လပ်ရေး” ရယူမည်ဆိုပါက စစ်ဖြစ်မည်ဖြစ်ကြောင်း တရုတ်က ခြိမ်းခြောက်ထားသလို ဇွန် ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရန် ကတိပြုခဲ့ပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းပစ်မည်ဟု ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly