ထားဝယ်ဒေသမှ အမျိုးသမီးတစ်ဦးမှ အယ်ဒီတာ့ထံပေးစာ

ထားဝယ်ဒေသမှ အမျိုးသမီးတစ်ဦးမှ အယ်ဒီတာ့ထံပေးစာ

နိုဝင်ဘာ ၄

မြန်မာပြည်မှာ ဖက်ဆစ်စစ်တပ်ဟာ နှစ်ပေါင်းများစွာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ရှိနေပြီး ကိုယ်ဝန်သည်နဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတွေကိုပါ မချန်ခဲ့ကြပါဘူး။ လက်ရှိ အာဏာသိမ်းခံထားရတဲ့ကာလတွေမှာ ခရီးသွားလာရေးအတွက် အဆင်မပြေတော့သလို မြို့တွင်း သွားလာရေးမှာတောင်မှ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို အဆင့်ဆင့်ဖြတ်ရပါတယ်။ ပြည်သူတွေဟာ တရားခံလို အစစ်ဆေးခံနေရပြီး စစ်ဆေးရေး တာဝန်ကျ စစ်ကောင်စီတပ်သားတွေအပေါ် စကားအပြောအဆိုမချောရင် အရိုက်ခံရတာ၊ အဖမ်းခံရတာတွေ ကြုံရပါတယ်။ အမျိုးသမီးတွေအပေါ်ဆိုရင် စသလိုနောက်သလို နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိသလို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေပါ နေရာတချို့မှာ ရှိနေပါတယ်။ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အမျိုးသမီးတွေဟာ ရှက်ပြီး ဘယ်သူ့ကိုမှ ထုတ်မပြောတတ်ကြပါဘူး။

ကျွန်မတို့ ဒေသဘက်မှာဆိုရင် ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က တာဝန်ကျ စစ်ကောင်စီတပ်သားတွေဟာ ဂိတ်ကို ဖြတ်လာတဲ့အမျိုးသမီးတွေကို စစ်ဆေးရင် ထောက်ခံစာတောင်းရုံတင်မဟုတ်ဘဲ တင်နဲ့ရင်ကို ပွတ်သပ်ပြီး စစ်ဆေးတာမျိုးတွေ လုပ်လာပါတယ်။ ဒါကို ကျွန်မကိုယ်တိုင် ကြုံခဲ့ရတာပါ။ အဲ့နေ့က ကျွန်မမှာ ထောက်ခံစာ ပါမလာခဲ့ပါဘူး။ ကျွန်မကို အပျိုဟုတ်မဟုတ်၊ အိမ်ထောင်ရှင်ဟုတ်မဟုတ်မေးပြီး သူတို့နဲ့အတူ ညအိပ်ဖို့ ပြောပါတယ်။ မအိပ်ရင် တံတားဖြတ်ခွင့်မပေးဘဲ ဖမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျွန်မလည်း ကြောက်ပြီး ငိုမိပါတယ်။ အဲ့ဒီ့အခါမှ တခြားတပ်သားတစ်ယာက်ရောက်လာပြီး နောက်တစ်ကြိမ်ဆိုရင် ထောက်ခံစာ အပါအဝင် စာရွက်စာတမ်းအပြည့်အစုံပါမှ တံတားဖြတ်ဖို့ ပြောပြီး လွှတ်ပေးခဲ့ပါတယ်။

ကျွန်မကို စစ်ဆေးပြီး နောက်ရောက်လာတဲ့ အမျိူးသမီးတစ်ယောက်ကိုလည်း အဲ့လိုပဲ တင်နဲ့ရင်ကို တမင်ကြီး ပွတ်သပ်စစ်နေတာကို ကျွန်မမြင်လာခဲ့ရပါတယ်။

အရင်က စစ်ဆေးရေးဂိတ်ဖြတ်ရင် ဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားတာတွေ မကြုံရပေမဲ့ နိုဝင်ဘာ ၃ရက် နေ့လည် ၁နာရီကစပြီး အရင် စစ်နေကျ တပ်သားဟောင်းတွေကို လူလဲပစ်လိုက်ပီးနောက်ပိုင်း တပ်သား အသစ်တွေက ဒီလိုကျူးလွန်လာတာပါ။သူတို့ဟာ စစ်သားယူနီဖောင်းဝတ်တွေပါ။

ဒီဂိတ်မှာ လွန်ခဲ့တဲ့ ခြောက်လလောက်ကလည်း လောင်းလုံးနယ်ဘက်ကနေ ဒီတံတားကိုဖြတ် လာတဲ့ ရွာတစ်ရွာက အမျိုးသမီးငယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စစ်ဆေးပြီး အတူအိပ်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ကျွန်မတို့ ကြားရပါတယ်။ အဲ့ဒီ့မိန်းကလေးက '' ကျွန်မက မိကောင်းဖခင် အမျိုးသမီးပါ၊ ကျွန်မကို လွှတ်ပေးပါ'' ဆိုပြီး သူတို့ကို ထိုင်ရှိခိုးတောင်း ပန်မှ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း ထောက်ခံစာပါမလာတဲ့ အမျိုးသားတွေကို နာရင်းအုပ် ရိုက်တတ်ကြပါသေးတယ်။

စစ်တပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေရတဲ့ ပြည်သူတွေမှာ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် လုံခြုံမှုဆိုတာ မရှိတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required