လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်လာသည့် တရုတ်လေယာဉ်များကို ထိုင်ဝမ်လေတပ်က ဟန့်တား

လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်လာသည့် တရုတ်လေယာဉ်များကို ထိုင်ဝမ်လေတပ်က ဟန့်တား

အငြင်းပွားမှုများကြောင့် တင်းမာမှုများ မြင့်တက်နေသည့် ထိုင်ဝမ်ရေလက်ကြားရှိ လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်လာသည့် တိုက်လေယာဉ်များအပါအဝင် တရုတ်လေယာဉ် ၈ စင်းကို သတိပေးရန် အောက်တိုဘာ ၃၁ရက်တွင် ထိုင်ဝမ်လေတပ်က အရေးပေါ် ပျံသန်းဟန့်တားခဲ့ရကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတ့စ်ကျွန်းများအနီးရှိ လေကြောင်းကာကွယ်ရေးဇုန်၏ အနောက် တောင်ပိုင်းတွင် တရုတ်လေယာဉ်များ အကြိမ်ကြိမ်ဝင်ရောက်လာခြင်းကို ထိုင်ဝမ်က ကန့်ကွက်နေသည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သည်။

J-16 တိုက်လေယာဉ် ၆ စင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် ၁စင်းနှင့် ထောက်လှမ်းရေး လေယာဉ်၁ စင်းတို့ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၃၁ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများသည် ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေပြီး ယင်း၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု ထိုင်ဝမ်အစိုးရက ထပ်ခါတလဲလဲ ကတိပြုထားသည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုများ တိုးလာစေသည့် တရုတ်၏ လုပ်ရပ်များကို အမေရိကန်က ဆန့်ကျင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို အောက်တိုဘာ ၃၁ရက်တွင် ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ရောမမြို့၌ကျင်းပနေသည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ၁ နာရီကြာတွေ့ဆုံစဉ် ဘလင်ကင်က တရုတ်၏ တစ်ဖက်သတ်ပြောင်းလဲမှုကို ဝါရှင်တန်မှ ဆန့်ကျင်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု အဆိုပါအရာရှိက ဆိုသည်။

ထိုင်ဝမ်နှင့် ပတ်သက်သော တင်းမာမှုများသည် ထိုင်ဝမ်ရှိ လွတ်လပ်ရေးလိုလားသောအင်အားစုများအား အမေရိကန်၏ ထောက်ပံ့ပေးမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဝမ်ယိမှ ဘလင်ကင်သို့ ပြောကြားခဲ့ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်တွင် မကြာသေးမီက တရုတ်၏ စစ်ရေးလေ့ကျင့်မှုများ တိုးလာခြင်းက စစ်ရေးအရ နှောင့်ယှက်မှုပြုလုပ်ခြင်းဟု ထိုင်ဝမ်က ရှု့မြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly