ရှင်ကျန်းနှင့်ဟောင်ကောင်ရှိ အခွင့်အရေးအခြေအနေများအပေါ် စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By latestly
04 November 2021
ရှင်ကျန်းနှင့်ဟောင်ကောင်ရှိ အခွင့်အရေးအခြေအနေများအပေါ် စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်ဝမ်အပါအဝင် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းအခြေပြုစနစ်ကို အဟန့်အတားဖြစ်စေသည့် တရုတ်၏အရေးယူဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံ ချိန်တွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုကို တာဝန်သိသိ ဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆက်သွယ်မှုများကို ဆက်လက်ထားရှိရန် အရေးကြီးကြောင်းလည်း ဘလစ်ကန်က အလေးထားပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

“လူ့အခွင့်အရေး၊ ရှင်ကျန်း၊ တိဗက်၊ ဟောင်ကောင်၊ အရှေ့နှင့်တောင်တရုတ်ပင်လယ်များနှင့် ထိုင်ဝမ်အပါအဝင် မဟာမိတ်များနှင့်ကျွန်ုပ်တို့၏ တန်ဖိုးများနှင့်အကျိုးစီးပွားများကို ဆန့်ကျင်သော ၊ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းအခြေပြုစနစ်များကို အနှောင့်အယှက်ဖြစ်စေသော တရုတ်နိုင်ငံ၏လုပ်ရပ်များနှင့်ပတ်သက်၍လည်း ဘလစ်ကန်က စိုးရိမ်ပူပန်ခဲ့သည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အိမ်နီးချင်းရေပိုင်နက်အပေါ် တရုတ်၏ရန်လိုမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ထိုင်ဝမ်အပေါ် ဖိအားများလာခြင်းတို့ကြောင့် ရင်ဆိုင်မှုမျိုးစုံတွင် တင်းမာမှုများမြင့်တက်လာစဉ် ဆွေးနွေးပွဲပြုလုပ်လာခြင်းဖြစ်သည်။

ဘလစ်ကန်နှင့်ဝမ်ယိတို့တွေ့ဆုံမှုသည် ယခုနှစ်နှောင်းပိုင်း၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား စီစဉ်ထားသည့် အွန်လိုင်းတွေ့ဆုံမှုအတွက် ကနဦး ပြင်ဆင်ခြင်း ဖြစ်သည်။

ဘလစ်ကန်သည် G 20 ထိပ်သီးဆွေးနွေးပွဲအတွက် အီတလီသို့လည်းကောင်း၊ ကုလသမဂ္ဂရာသီဥတု ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲအတွက် ဗြိတိန်သို့လည်းကောင်း ဘိုင်ဒင်ခရီးစဉ်နှင့် အတူ လိုက်ပါလျက်ရှိသည်။

မကြာသေးမီကာလများအတွင်း တရုတ်သည် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ စစ်လေယာဉ် အမြောက်အမြားစေလွှတ်ခြင်းဖြင့် ထိုင်ဝမ်အပေါ် ဖိအားပိုမိုပေးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required