၂၀၁၉ ပူလ်ဝါမာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကို အိန္ဒိယပြည်ထဲရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

၂၀၁၉ ပူလ်ဝါမာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကို အိန္ဒိယပြည်ထဲရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေ ပူလ်ဝါမာဒေသ၌ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအတွင်း အသက်ပေးခဲ့ကြရသော ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦးအတွက် ပြည်ထဲရေးဝန်ကြီး အမစ် ရှားက အောက်တိုဘာ ၂၆ ရက်တွင် ပူလ်ဝါမာရှိ အထိမ်းအမှတ်နေရာ၌ ချီးကျူးဂုဏ်ပြုခဲ့သည်။

အလားတူ ဂျမူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေ၏ အကြီးအကဲ အုပ်ချုပ်ရေးမှူးဖြစ်သည့် မာနို ဆင်းဟာကလည်း အဆိုပါအထိမ်းအမှတ်နေရာတွင် ပန်းခွေချခဲ့ပြီး ၂၀၁၉ ပူလ်ဝါမာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်များကို ချီးကျူးဂုဏ်ပြုခဲ့သည်။

အောက်တိုဘာ ၂၅ ရက်ကလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးသည် CRPF စခန်းသို့ သွားရောက်ခဲ့ပြီး ဂျမူးနှင့် ကက်ရှ်မီးယား ပူလ်ဝါမာဒေသ လက်သ်ပိုရာရှိ လုံခြုံရေးအမှုထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယား ပူလ်ဝါမာဒေသတွင် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်က CRPF ယာဥ်တန်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် အသေခံဗုံးခွဲသမား အဒီလ် အာမက်ဒ် ဒါးက ဖောက်ခွဲရေးပစ္စည်းများ တင်ထားသည့် ကားတစ်စီးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဘတ်စ်ကားတစ်စီးကို ဝင်ဆောင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က CRPF ယာဥ်တန်းတွင် ဘတ်စ်ကား ၇၈ စီး ပါခဲ့ပြီး အမှုထမ်း ၂,၅၀၀ ခန့် လိုက်ပါလျက် ဂျမူးကနေ ဆရင်နာဂါသို့ သွားလာနေခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဥ်ဖြစ်ပြီးနောက် ရက်များအကြာတွင် အိန္ဒိယသည် ပါကစ္စတန်ရှိ JeM အကြမ်းဖက်အဖွဲ့၏ ဘယ်လာကော့တ် အကြမ်းဖက် လေ့ကျင့်သင်ကြားရေးကမ့်စခန်းကို လေကြောင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။

ပူလ်ဝါမာရှိ အထိမ်းအမှတ်နေရာ၌ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦးစလုံး၏ အမည်များကို ရေးထွင်းထားပြီး ထိုအထိမ်းအမှတ်နေရာကို ၂၀၂၀ ဖေဖေါ်ဝါရီ ၁၄ ရက်က ပူလ်ဝါမာဒေသ လက်သ်ပိုရာကမ့်ရှိ CRPF လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို အထိမ်းအမှတ်နေရာတွင် တပ်ဖွဲ့ဝင် ၄၀ ဦး၏ အမည်များကို ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ ရေးထိုးထားသလို CRPF ၏ ဆောင်ပုဒ်ဖြစ်သည့် "နိုင်ငံတာဝန်ထမ်းမှုနှင့် သစ္စာရှိမှု" ကိုလည်း ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly